နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု နည်းပါးသဖြင့် ဥရောပဈေးကွက်တွင် ပဲလွန်းဖြူ ဝယ်လိုအား မြင့်မားနေ

ရန်ကုန် နိုဝင်ဘာ ၁

မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် ပဲလွန်းဖြူသည် အခြားပြည်ပနိုင်ငံများမှ စိုက်ပျိုးထုတ်လုပ်သည့် ပဲလွန်းဖြူထက် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုပမာဏ နည်းပါးမှုကြောင့် ဥရောပဈေးကွက်တွင် ဝယ်ယူလိုမှု မြင့်မားနေပြီး SQ FOB တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀ဝ၀ ဝန်းကျင် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ အိန္ဒိယဈေးကွက်သို့ အဓိကတင်ပို့နေသည့် မတ်ပဲနှင့်ပဲစင်းငုံမှာ အာမခံချက်မရှိသည့် အတွက် မတ်ပဲ၊ ပဲစင်းငုံအစား ပဲလွန်းဖြူကို ပိုမိုစိုက်ပျိုးရန် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက အကြံပြုတိုက်တွန်းထားကာ လက်ရှိအိန္ဒိယသို့ အဓိကတင်ပို့နေသည့် မတ်ပဲနှင့်ပဲစင်းငုံသည် Quota စနစ်ဖြင့် သတ်မှတ်သည့်အပြင် တင်ပို့ချိန်ကိုလည်း ကန့်သတ်၍ ထိန်းချုပ်ဝယ်ယူနေမှုကြောင့် လာမည့်နှစ် ပဲထွက်ပေါ် ချိန်တွင် လက်ရှိဖြစ်ပေါ်နေသည့် ဈေးနှုန်းရရှိရန် အာမခံချက်မရှိနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

သို့ဖြစ်၍ စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ယခုပဲစိုက်ရာသီအတွင်း ဥရောပဈေးကွက် ဝယ်လိုအား ရှိမည့် မျိုးကောင်းမျိုးသန့် ပဲလွန်းဖြူကို ပိုးသတ်ဆေးဓာတုဓာတ်ကြွင်းကျန်ရှိမှုမများအောင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကောင်းမွန်သော စိုက်ပျိုးထုတ်လုပ်မှုစနစ် (Good Agricultutal Practices GAP)ဖြင့် စနစ်တကျသုံးစွဲ၍ ပိုမိုစိုက်ပျိုးသင့်ကြောင်း အကြံပြုတိုက်တွန်းထားသည်။
အဆိုပါ မျိုးကောင်းမျိုးသန့် ပဲလွန်းဖြူကို စိုက်ပျိုးချိန်အမီတင်သွင်းလိုသည့် ကုမ္ပဏီများအနေဖြင့်လည်း အကူအညီများလိုအပ်ပါက မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းထံ ဆက်သွယ်နိုင်ကြောင်း သိရ သည်။
အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှစတင်၍ မတ်ပဲနှင့် ပဲစင်းငုံအပါအဝင် ပြည်ပမှ ပဲတင်သွင်းမှုကို အိန္ဒိယအစိုးရက Quota စနစ်ဖြင့်သာ တင်သွင်းခွင့်ပြုခဲ့သောကြောင့် အိန္ဒိယဈေးကွက်ကို အဓိကတင်ပို့ရန် စိုက်ပျိုးသည့် မတ်ပဲနှင့် ပဲစင်းငုံစိုက် တောင်သူများအနေဖြင့် အခက်အခဲများကြုံတွေ့ရ ကြောင်းသိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ