အောက်တိုဘာ ၃၁၊ ဝါရှင်တန်
အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် နေထိုင်သည့် အမျိုးသားတစ်ဦးမှာ စင်္ကြံပေါ်တွင် လမ်းလျှောက်နေစဉ် အပေါက်ကျွံကျပြီး ရေမြောင်းထဲ ပြုတ်ကျခဲ့ခြင်းကြောင့် ဒဏ်ရာရခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူခဲ့ရသည်။ လီယိုနက်ရှိုးဒါးမှာ ပြီးခဲ့သည့်စနေနေ့က ဘရွန့်ဒေသရှိ ဘတ်စ်ကားမှတ်တိုင်အနီး လမ်းလျှောက်နေစဉ် ယင်း၏ခြေထောက်အောက်ရှိ ကွန်ကရစ်ပြားကွဲအက်ပြီး ၁၅ ပေနက်သည့် ရေမြောင်းထဲသို့ ပြုတ်ကျသွားခဲ့သည်။
'' ကြွက်တွေက သူ့ကိုယ်ပေါ်မှာ လျှောက်သွားနေတယ်။ သူက လှုပ်လို့လည်း မရဘူး။ အော်လိုက်ရင် သူ့ပါးစပ်ထဲ ကြွက်တွေ ဝင်သွားမှာစိုးလို့ အော်လည်း မအော်ရဲဘူး'' ဟု လီယိုနက်ရှိုးဒါး၏အစ်ကို ဂရက်ဝှိုက်က ပြောသည်။ လီယိုနက်ရှိုးဒါးမှာ မြောင်းထဲတွင် မိနစ် ၃၀ ကြာ နေခဲ့ရပြီးနောက် မီးသတ်သမားများက ယင်းကို အပေါ်သို့ ဆွဲတင်ပေးခဲ့ကြသည်။ ယင်း ကြုံတွေ့ရသည့်အဖြစ်မှာ အိပ်မက်ဆိုးမက်နေသကဲ့သို့ ဖြစ်သည်ဟု နယူးယော့ခ်မြို့တွင် နေထိုင်သူများက ပြောသည်။ လီယိုနက်ရှိုးဒါးမှာ လက်၊ ခြေထောက် နှင့် မျက်နှာတွင်ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် စိန့်ဘာနေဘက်စ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ နယူးယော့ခ် မြို့တွင် ကြွက်ပေါများခြင်းမှာ အချိန်ကြာမြင့်နေသည့် ပြဿနာတစ်ရပ်ဖြစ်သည်။ COVID-19 ကပ်ရောဂါ ကာလအတွင်း ကြွက်များက အစာရှာထွက်ရန်အတွက် ပုန်းအောင်းနေရာမှာ ထွက်လာကြသည်ဟု ကိုက်ဖြတ်စားသောက်တတ်သော တိရစ္ဆာန်များဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ပြောသည်။ ပြုပြင် နေဆဲဖြစ်သည့် မြောင်းဖုံးပေါ်မှ စင်္ကြံလမ်းပြိုကျခဲ့ခြင်းဟု ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ တရားစွဲဆိုဖွယ်ရှိသည်ဟု လီယိုနက်ရှိုးဒါး၏ ဆွေမျိုးများက နယူးယော့ခ်တိုင်းမ် သတင်းစာသို့ ပြောသည်။
Ref:BBC(KNT)