အောက်တိုဘာ ၃၁၊ ဘေဂျင်း
တရုတ်နိုင်ငံတွင် ပြည်ပသို့ သွားရောက်မည့်သူများကို COVID-19 ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနေသည်ဟု ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြသည်။ ကမ္ဘာပေါ်တွင် တရားဝင်ခွင့်ပြုချက်ရရှိသည့် COVID-19 ကာကွယ်ဆေး မပေါ်သေးသော်လည်း တရုတ်နိုင်ငံအရှေ့ပိုင်း ကျီကျန်းပြည်နယ်တွင် တရုတ်ဆေး ကုမ္ပဏီများ ဖော်စပ်ထားသည့် COVID-19 ကာကွယ်ဆေးများကို တရားဝင်ထိုးနှံခွင့်ပြုနေသည်။ ပြီးခဲ့သည့် လအတွင်း တရုတ်နိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက်အရ တရုတ်ဆေးကုမ္ပဏီများက ဖော်စပ်သည့် ကာကွယ်ဆေးကို ထိုးနှံသူ သိန်းချီရှိနေပြီဟု သိရသည်။
အဆိုပါကာကွယ်ဆေးများတွင် ဘေးထွက်ဆိုးကျိုးရှိပါက တရုတ်အစိုးရအနေဖြင့် ပြည်တွင်း၊ ပြည်ပ၏ ဝေဖန်ထိုးနှက်မှုများ ရင်ဆိုင်ရမည်ဖြစ်သော်လည်း ရလဒ်ကောင်းခဲ့ပါက COVID-19 ကပ်ရောဂါကို အမြစ်ပြတ် တွန်းလှန်တိုက်ဖျက်ရာတွင် ဥရောပနိုင်ငံများထက် လပေါင်းများစွာ ရှေ့ရောက်သွားမည်ဖြစ်သည်။ အီတလီနိုင်ငံ မီလန်မြို့တွင် အစားထိုးစွမ်းအင် ဘာသာရပ်ဖြင့် မာစတာဘွဲ့ယူရန် သွားရောက်သင်ကြားမည့် ချိုင်ချီကျဲ့က ၂ ကြိမ်ထိုးရမည့် ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံမှုခံယူရာတွင် ဆိုးကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ခံစားရခြင်းမရှိဟု ဆိုသည်။ Sinovac Biotech၊ Sinopharm နှင့် CanSino Biologics စသည့် တရုတ်ဆေးကုမ္ပဏီ ၃ ခုက ကာကွယ်ဆေး ၄ မျိုး ဖော်စပ်ထားပြီး ရလဒ်များကို စမ်းသပ်နေဆဲဖြစ်သော်လည်း အရေးပေါ်ထိုးနှံပေးရန် အသုံးပြုနေပြီဖြစ်သည်။ ကာကွယ်ဆေးများ အရေးပေါ်ထိုးနှံပေးခြင်းကို အစောဆုံးအနေဖြင့် လာမည့်ဒီဇင်ဘာလမှစတင်ပြီး နိုင်ငံတစ်ဝန်း တိုးချဲ့ပေးသွားမည်ဟု တရုတ်နိုင်ငံ ရောဂါထိန်းချုပ်၊ ကာကွယ်ရေးစင်တာမှ ဇီဝလုံခြုံရေးသိပ္ပံပညာရှင် အကြီးအကဲ ဝူကွေ့ကျန်းက ပြောသည်။
Ref:BBC(KNT)