နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူရကီနှင့် ဂရိနိုင်ငံကြားတွင် အင်အားပြင်းငလျင်လှုပ်ခတ်၍ အနည်းဆုံး လူ ၂၂ ဦး သေဆုံး

အောက်တိုဘာ  ၃၁၊ အန်ကာရာ


တူရကီနိုင်ငံ၏ အေဂျီယန်ကမ်းလွန်ဘက်၊ ဂရိနိုင်ငံ ဆာမို့စ်ကျွန်းမြောက်ဘက်တွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ပြီး နေအိမ်များ ပျက်စီးခဲ့သည်။ ပြင်းအား ၇ မဂ္ဂနီကျူ့စ်ရှိသည့်ငလျင်မှာ တူရကီနိုင်ငံ အစ်မီယာပြည်နယ် ကမ်းလွန်ဘက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဟု အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS)က ပြောသည်။ တူရကီနိုင်ငံ၏ ထုတ်ပြန်ချက်တွင် ပြင်းအား ၆ ဒသမ ၆ မဂ္ဂနီကျူ့စ်ရှိသည့်ငလျင်ဟု ဖော်ပြထားပြီး အစ်မီယာပြည်နယ်တွင် လူ ၂၀ သေဆုံးကာ လူ ၇၈၆ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ဂရိနိုင်ငံ ဆာမို့စ်ကျွန်းတွင် ဆယ်ကျော်သက်နှစ်ဦး သေဆုံးခဲ့သည်။ 

ဗဟိုပြုချက် အနက်ပေတိမ်သည့် မြေငလျင်ကြောင့် အသေးစား ဆူနာမီလှိုင်းများဖြစ်ပေါ်ခဲ့ပြီး အစ်မီယာပြည်နယ်နှင့် ဆာမို့စ်ကျွန်းကို ဆူနာမီလှိုင်းငယ်များ တိုက်ခတ်ခဲ့သည်။ နောက်ထပ် အဆောက်အအုံများ ပြိုကျလာနိုင်ဖွယ်ရှိ၍ အစ်မီယာပြည်နယ်မြို့တော်ဖြစ်သည့် အစ်မီယာမြို့အာဏာပိုင်များက လူ ၂၀၀၀ ခိုလှုံနေသည့် ရွက်ဖျင်တဲများ ညတွင်းချင်း တည်ဆောက်ခဲ့သည်။ အဆောက်အအုံအပျက်အစီးများကြားမှ လူ ၇၀ ကို ကယ်တင်နိုင်ခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။ မြေအောက်အနက် ၆ မိုင်ကို ဗဟိုပြုခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကို ဂရိနိုင်ငံမြို့တော် အေသင်မြို့နှင့် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့အထိ ခံစားခဲ့ရသည်ဟု အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြောသည်။ တူရကီနှင့် ဂရိနိုင်ငံတို့မှာ ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိခြင်းကြောင့် ငလျင်လှုပ်ခတ်မှုများ မကြာခဏ ကြုံရလေ့ရှိသည်။                                        Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ