အောက်တိုဘာ ၃၀၊ ဆစ်ဒနီ
ပိုမိုဆိုးရွားပြီး စဉ်ဆက်မပြတ် ကြုံတွေ့ရဖွယ်ရှိသည့် သဘာဝဘေးအန္တရာယ်များအတွက် သြစတြေးလျ နိုင်ငံအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် သြစတြေးလျနိုင်ငံ၏ တောမီးများကို စောင့်ကြည့်လေ့လာသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ တော်ဝင်စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း သြစတြေးလျနိုင်ငံ၏ ဒေသအများအပြားကို ဝါးမြိုခဲ့သည့် Black Summer တောမီးလောင်ကျွမ်းမှုနှင့် အခြားသဘာဝဘေးအန္တရာယ်များကို သုံးသပ်ခဲ့သည်။
တိုင်းတာသုံးသပ်မှုများအရ မကြုံစဖူး တောမီး ရာသီဖြစ်ခဲ့သည့် တောမီးလောင်ကျွမ်းမှုများကြောင့် အနည်းဆုံး လူ ၃၃ ဦး သေဆုံးခဲ့သည်။ တော်ဝင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် အစိုးရအတွက် အကြံပြုချက် ၈၀ ကျော် ရေးသားဖော်ပြထားပြီး အမျိုးသားအဆင့် တုံ့ပြန်လှုပ်ရှားမှု၊ ပစ္စည်းကိရိယာများနှင့် ရာသီဥတုဆိုင်ရာ အချက်အလက်များအပါအဝင် ကဏ္ဍအများအပြားတွင် တိုးတက်အောင် ဆောင်ရွက်ရန် တင်ပြခဲ့သည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ဆိုးရွားသည့် အခြေအနေများ ကြုံတွေ့ပြီး မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ ကြောင်း၊ သို့သော် အနာဂတ်ကာလတွင် ကြုံတွေ့ရမည့် အခြေအနေမှာ ပိုမိုဆိုးရွားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လမှ ၂၀၂၀ ပြည့်နှစ် မတ်လကြားကာလအတွင်း သြစတြေးလျနိုင်ငံတွင် မြေနေရာ ဟက်တာဧက ၂၄ သန်း လောင်ကျွမ်းခဲ့သည်။
အဆိုပါတောမီးရာသီမှာ သြစတြေးလျနိုင်ငံ၏ အဆိုးရွားဆုံး တောမီးရာသီဖြစ်သည်။ သြစတြေးလျနိုင်ငံ၏ ပြည်နယ်တိုင်းတွင် လောင်ကျွမ်းခဲ့သည့် တောမီးများကြောင့် နေအိမ် ၃၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး စားကျက်ရွှေ့ပြောင်းခဲ့ရသည့် သို့မဟုတ် သေဆုံးခဲ့သည့် တိရစ္ဆာန် ၃ ဘီလျံနီးပါးရှိသည်။
Ref:BBC(KNT)