ရန်ကုန် ဧပြီ ၃၀
Air KBZ လေကြောင်းလိုင်းမှ မေ ၁ ရက်မှ ၁၇ ရက်အတွင်း မဖြစ်မနေခရီးသွားလာရန် လိုအပ်သူများအတွက် ပြည်တွင်းခရီးစဉ်အချို့ကို ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အဆိုပါ AirKBZ လေကြောင်းလိုင်း၏ ဧပြီ ၂၈ ရက်ထုတ်ပြန်သတင်းများအရ သိရသည်။
ထို့ကြောင့် နေရပ်ဒေသအသီးသီးသို့ပြန်ရန်၊ မဖြစ်မနေခရီး သွားလာရန်နှင့် အရေးပေါ်ခရီးသွားလာလိုသူများအနေနှင့် သက်ဆိုင်ရာ အာဏာပိုင်များမှ ချမှတ်ထားသည့် ညမထွက်ရအမိန့်များ၊ ကန့်သတ်နေထိုင်ခြင်းဆိုင်ရာညွှန်ကြားချက်များနှင့် ခရီးသွားလာရန်အတွက်လိုအပ် သည့် စာရွက်စာတမ်းအချက်အလက်တစ်ခုချင်းစီကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်လိုအပ်သည်ဟု ဆိုသည်။
ထိုသို့ပျံသန်းပြေးဆွဲပေးရာတွင် ရန်ကုန်မှ ထားဝယ်၊ ဟဲဟိုး၊ ခန္တီး၊ ကျိုင်းတုံ၊ ကျောက်ဖြူ၊ လားရှိုး၊ မန္တလေး၊ မြိတ်၊ မြစ်ကြီးနား၊ စစ်တွေ၊ တာချီလိတ်မြို့များသို့ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။ ထို့အတူ မန္တလေးမှ ဟဲဟိုး၊ ခန္တီး၊ တာချီလိတ်၊ မြစ်ကြီးနားခရီးစဉ်များ၊ ဟဲဟိုးမှ တာချီလိတ်၊ ကျိုင်းတုံခရီးစဉ်များနှင့် ကျောက်ဖြူစစ်တွေခရီးစဉ်များကို ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။
အဆိုပါပျံသန်းပြေးဆွဲမှုအစီအစဉ်တွင် လိုက်ပါကြမည့်ခရီးသည်များအနေနှင့် ခရီးစဉ်ပြေးဆွဲသည့် ရက်များသို့ ထိုင်ခုံနေရာရရှိမှုပေါ်မူတည်၍ အခမဲ့တစ်ကြိမ်ရက် အပြောင်းအလဲပြုလုပ်မှု၊ ခရီးသည် လက်မှတ်ဝယ်ယူစဉ် လေကြောင်းလိုင်းမှ လက်ခံရရှိထားသော တန်ဖိုးငွေအတိုင်း ငွေအပြည့်ပြန်အမ်းပေးမှု စသည့်အခွင်အရေးများကို ခံစားရရှိမည်ဖြစ်သည်။ Online Travel Agents (OTA) အပါအဝင် Travel Agents (အရောင်းကိုယ်စားလှယ်များ)မှတစ်ဆင့် လက်မှတ်ဝယ်ယူထားသည့်ခရီးသည်များအနေဖြင့် ရက်အပြောင်း အလဲပြုလုပ်ခြင်းနှင့် ပြန်အမ်းငွေလျှောက်ထားခြင်းများကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ တစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုသာစစ်