အောက်တိုဘာ ၃၀၊ နယူးဒေလီ
COVID-19 ကပ်ရောဂါကာလအတွင်း ခရီးသွားလာမှု မြင့်တက်လာစေရန်အတွက် အိန္ဒိယနိုင်ငံ၏ SpiceJet လေကြောင်းလိုင်းက ရေယာဉ်ပျံများ ပြေးဆွဲတော့မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး ပြည်တွင်းလေကြောင်းလိုင်းဖြစ်သည့် SpiceJet မှာ ရေယာဉ်ပျံခရီးစဉ် ၁၈ ခု ပြေးဆွဲရန် ခွင့်ပြုချက်ရရှိခဲ့သည်။
အဆိုပါ ခရီးစဉ် ၁၈ ခုတွင် ကမ္ဘာ့အမြင့်ဆုံးရုပ်တုကြီးရှိရာ ကီဝါဒီယာမြို့သို့ ပြေးဆွဲသည့် ခရီးစဉ်လည်း ပါဝင်သည်။ အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပြည်ထဲရေးဝန်ကြီး ဝါလက်ဘိုင်ပါတယ်ကို ဂုဏ်ပြုသည့်အနေဖြင့် ၁၈၂ မီတာရှိသည့် ရုပ်တုထုလုပ်ထားခြင်းဖြစ်သည်။
SpiceJet မှာ COVID-19 ကပ်ရောဂါကာလအတွင်း လေယာဉ်ငယ်များအသုံးပြုပြီး ကုန်ပစ္စည်းများ ပို့ဆောင်ခြင်း၊ ပြည်တွင်းခရီးစဉ်များ ပျံသန်းခြင်း စသည့်လုပ်ငန်းများအပါအဝင် ဝင်ငွေရမည့် နည်းလမ်း သစ်များကို ပစ်မှတ်ထားခဲ့သည်။ COVID-19 ကပ်ရောဂါကာလအတွင်း လေကြောင်းခရီးစဉ် ပြေးဆွဲမှုများ ကျဆင်းသွားခြင်းကြောင့် လေကြောင်းလိုင်းများမှာ အမြတ်ရရေးထက် အရှုံးသက်သာရေးကို ဦးစားပေးနေသည်။
လေကြောင်းလိုင်းအများအပြားမှာ ဆက်လက်ရပ်တည်နိုင်စွမ်း မရှိသည့် အခြေအနေ ကြုံရလုဆဲဆဲဖြစ်နေပြီး အလုပ်အကိုင်များ လျှော့ချခဲ့ရသည်။ ဝါလက်ဘိုင်ပါတယ်၏ ၁၄၅ နှစ်မြောက် မွေးနေ့ဖြစ်သည့် လာမည့်စနေနေ့တွင် အမီဒါဘက်မြို့မှ ကီဝါဒီယာမြို့သို့ ပထမဆုံး ပျံသန်းမည့် ရေယာဉ်ပျံခရီးစဉ်တွင် အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီလည်း လိုက်ပါဖွယ်ရှိသည်။ မိနစ် ၃၀ ကြာမြင့်မည့် အဆိုပါခရီးစဉ်အတွက် ခရီးစဉ်တစ်ကြောင်းလျှင် အနည်းဆုံး ရူပီး ၁၅၀၀ ( ပေါင် ၁၅ ဒသမ ၄၀) ကုန်ကျမည်ဖြစ်သည်။
Ref:BBC(KNT)