အောက်တိုဘာ ၃၀၊ ပါရီ
ပြင်သစ်နိုင်ငံရှိ ခရစ်ယာန်ဘုရားကျောင်းတွင် လူသုံးဦးကို သတ်ခဲ့သည့် တူနီးရှားအမျိုးသားမှာ မကြာသေးမီကမှ ဥရောပသို့ ရောက်ရှိလာသူဖြစ်ကြောင်း ပြင်သစ်နိုင်ငံ အရာရှိများက ပြောသည်။ အသက် ၂၁ နှစ်ရှိသည့် သံသယရှိသူမှာ ပြီးခဲ့သည့်လက ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် လှေနှင့်အတူ အီတလီနိုင်ငံ လမ်ပီဒူဆာကျွန်းသို့ ရောက်ရှိခဲ့ပြီးနောက် အီတလီကြက်ခြေနီအဖွဲ့၏ စာရွက်စာတမ်းများ ရရှိထားသူဖြစ်သည်။
ပြီးခဲ့သည့်ကြာသပတေးနေ့က နိစ်မြို့ရှိ နော့ထရယ်ဒမ်ဘုရားကျောင်းတွင် ဖြစ်ပွားခဲ့သည့် ဓားထိုး တိုက်ခိုက်မှု၌ သေဆုံးခဲ့သူများအနက် တစ်ဦးမှာ ခေါင်းပြတ်လုနီးပါး အခြေအနေရှိသည်။ အဆိုပါ တိုက်ခိုက်မှုမှာ အစ္စလာမ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ပြောသည်။ ခရစ်ယာန်ဘုရားကျောင်းများနှင့် စာသင်ကျောင်းများစသည့် အများပြည်သူဆိုင်ရာနေရာများကို ကာကွယ် ရန်အတွက် အဆိုပါနေရာသို့ စေလွှတ်ထားသည့် စစ်သည်အရေအတွက်ကို ၃၀၀၀ မှ ၇၀၀၀ အထိ မြင့်တက်ခဲ့သည်ဟု မက်ခရွန်က ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေး အစိုးရရှေ့နေများက စုံစမ်းစစ်ဆေးနေပြီး အမျိုးသားလုံခြုံရေးသတိပေးချက်ကို အမြင့်ဆုံးအဆင့် တိုးမြှင့်ထားသည်။ နိစ်မြို့မှ တိုက်ခိုက်ရေးသမားမှာ ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှု မခံရမီ ဘုရားသာ အကြီးမြတ်ဆုံး( အလ္လာဟူအက်ဘာ)ဆိုသည့် အာရေဗီစကားကို ထပ်ဖန်တလဲလဲ အော်ခဲ့သည်။
လက်ရှိအချိန်တွင် တိုက်ခိုက်ရေးသမားမှာ ဆေးရုံတွင် ကုသမှုခံယူနေပြီး စိုးရိမ်ရသည့် အခြေအနေရှိသည်။ တိုက်ခိုက်ရေးသမား၏ အိတ်ထဲမှာ ကိုရန်ကျမ်းစာအုပ်၊ ဖုန်း ၂ လုံးနှင့် အလျား ၁၂ လက်မရှိသည့် ဓားတစ်လက် တွေ့ရှိခဲ့သည်။ ယခုလအစောပိုင်းကလည်း ပြင်သစ်ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်သတ်ခံရသည့်ဖြစ်ရပ်ကြောင့် ပြင်သစ်နိုင်ငံနှင့် တူရကီနိုင်ငံအပါအဝင် မွတ်စလင်နိုင်ငံများ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။
Ref:BBC(KNT)