အောက်တိုဘာ ၂၉၊ ဘေဂျင်း
တရုတ်နိုင်ငံ၏ အရှိန်အဟုန်မြှင့် သစ်ပင်စိုက်ပျိုးရေးမူဝါဒမှာ ယင်းတို့နိုင်ငံ၏ ရာသီဥတုထိခိုက်မှုကို လျှော့ချပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ဖွယ်ရှိသည်ဟု နိုင်ငံတကာအဖွဲ့က သုံးသပ်ခဲ့သည်။ တရုတ်နိုင်ငံ၏ ဒေသနှစ်ခုတွင် သစ်တောသစ်များ၏ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွေ့ စုပ်ယူမှုပမာဏကို လျှော့တွက်ခဲ့ကြသည်ဟု နိုင်ငံတကာအဖွဲ့က ခွဲခြားဖော်ထုတ်ခဲ့သည်။
အဆိုပါဒေသနှစ်ခုရှိ သစ်တောများမှာ တရုတ်နိုင်ငံ၏ ကုန်းမြေပေါ်မှ ကာဗွန်စုပ်ယူနိုင်မှု စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းကျော်ရှိသည်ဟု ဆိုသည်။ မြေပြင်နှင့် ဂြိုဟ်တုမှတစ်ဆင့် စောင့်ကြည့်လေ့လာမှုများအပေါ် အခြေခံသည့် သုတေသီများကို ခွဲခြမ်းစိတ်ဖြာမှုကို Nature စာစောင်တွင် ဖော်ပြသည်။ စိမ့်မြေနှင့် သစ်တောစသည့် နေရာများမှာ ယင်းတို့၏ ကာဗွန်ထုတ်လွှတ်မှုထက် ကာဗွန်စုပ်ယူနိုင်စွမ်း ပိုများသည့်အတွက် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ဓာတ်ငွေ့ပါဝင်မှုကို ကျဆင်းစေသည်။
တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် လူသားများကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွေ့ အများဆုံးထုတ် လွှတ်ရာနေရာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု၏ ၂၈ ရာခိုင်နှုန်း နီးပါးမှာ တရုတ်နိုင်ငံမှဖြစ်သည်။ သို့သော် တရုတ်နိုင်ငံက ၂၀၃၀ ပြည့်နှစ်မတိုင်မီ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို အမြင့်ဆုံးပမာဏအဖြစ် ကန့်သတ်ပြီး ၂၀၆၀ ပြည့်နှစ်အရောက်တွင် ကာဗွန် ကင်းစင်ရန် ရည်မှန်းထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံ တွင် လွင်တီးခေါင်ဖြစ်ခြင်းနှင့် မြေသားဆုံးရှုံးခြင်းကို တိုက်ဖျက်ရေး၊ ကျွန်းသစ်နှင့် စက္ကူစက်ရုံများ တည်ဆောက်နိုင်ရေးအတွက် သစ်ပင်ဘီလျံပေါင်းများစွာ စိုက်ပျိုးခဲ့သည်။
Ref:BBC(KNT)