အောက်တိုဘာ ၂၉၊ တိုရွန်တို
ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှ လက်သမားတစ်ဦးမှာ ဆောင်းရာသီကာလတွင် လမ်းပေါ်အိပ်စက်ရမည့် အိမ်ရာမဲ့များအတွက် အပူကာနိုင်ပြီး ရွှေ့ပြောင်းနိုင်သည့် ခိုလှုံစရာနေရာများ တည်ဆောက်ပေးလျက်ရှိသည်။ အသက် ၂၈ နှစ်ရှိသည့် ဆစ်ဝရိုက်မှာ ပြီးခဲ့သည့်လကစတင်၍ အိမ်ရာမဲ့များအတွက် ရွှေ့ပြောင်းနိုင်သည့်အိမ်များ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ရွှေ့ပြောင်းနိုင်သည့်အိမ်တစ်လုံးလျှင် ပစ္စည်းဖိုး အမေရိကန်ဒေါ်လာ ၁၀၀၀ ကုန်ကျပြီး ၈ နာရီကြာ အချိန်ယူတည်ဆောက်ရသည်။ သို့သော် ဆစ်ဝရိုက်က အိမ်ရာမဲ့များအတွက် ရွှေ့ပြောင်းနိုင်သည့်အိမ်များ အခမဲ့တည်ဆောက်ပေးနေခြင်းဖြစ်သည်။
အပူချိန် -၂၀ ဒီဂရီဆဲလ်စီးယက်အထိ ကျဆင်းနေသည့် ဆောင်းဥတုတွင် အပူကာနိုင်သည့် ရွှေ့ပြောင်းနိုင်သည့်အိမ်အတွင်း ဝင်နေပါက ခန္ဓာကိုယ်အပူချိန်ဖြင့် နွေးထွေးအောင် လုပ်ပေးနိုင်မည်ဟု ဆစ်ဝရိုက်က ပြောသည်။ '' တဲထဲမှာ အိပ်နေရသူတွေ အများကြီးပဲလေ။ အဲဒါကြောင့် ကျွန်တော် တတ်နိုင်သလောက် အသုံးဝင်မယ်ထင်တဲ့ဟာကို လုပ်ပေးတာပါ။ ပန်းခြံတွေထဲမှာ လူတွေ ဒီလောက်များများ အိပ်စက်နေရတာကို အရင်တုန်းက မမြင်ဖူးပါဘူး။ ဆောင်းရာသီမှာ အိမ်အပြင်ဘက် နေရသူတွေ အသက်ရှင်သန်နိုင်အောင် ကျွန်တော် လုပ်ပေးတာပါ'' ဟု ဆစ်ဝရိုက်က ဆိုသည်။
ဆစ်ဝရိုက်မှာ ယင်း၏ စီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် အွန်လိုင်းမှတစ်ဆင့် ရန်ပုံငွေကောက်ခံခဲ့ရာ အမေရိကန်ဒေါ်လာ ၅၀၀၀၀ ကျော် ရရှိခဲ့သည်။
Ref:BBC(KNT)