ရန်ကုန် ဧပြီ ၂၉
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှနေ၍ စက်ရုံ၊ အလုပ်ရုံများကို စစ်ဆေးမှုပြုလုပ်သည့် ကာလအတွင်း အလုပ်ယာယီရပ်နားခဲ့ရသော အာမခံအလုပ်သမားများအတွက် ယင်းတို့လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေးရန်ပုံငွေမှ ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အကြံပြုချက်၊ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ပြီးမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ထိုသို့ လိုက်နာဆောင်ရွက်မှုရှိမရှိ လိုက်လံစစ်ဆေးခြင်းများကို ဧပြီ ၂၀ ရက်မှ ၃၀ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဧပြီ ၁၉ ရက်က တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်ကြောင့် အချို့သောစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသည် ဧပြီလ ၂၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း အစစ်ဆေးခံရန်အတွက် ယာယီပိတ်ထားခဲ့ရကြောင်း၊ ထို့အတူ အလုပ်သမားများသည်လည်း ဧပြီ ၂၀ ရက်မှစ၍ ယာယီအလုပ်နားခဲ့ရကြောင်း သိရသည်။
ယင်းသို့ ယာယီအလုပ်နားခဲ့ရသော လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံ အလုပ်သမားများကို အလုပ်ရပ်နားခဲ့ရသော ရက်များအတွက် ယင်းတို့လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေးရန်ပုံငွေမှ ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ထိုလူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိစေရန် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၏ အလုပ်ရှင်များသည် သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးများတွင် လျှောက်ထားကြရမည်ဖြစ်ကြောင်း သိရသည်။
(ဆောင်းဦး)