နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝါလကင်းလွတ် သီတင်းကျွတ်

အောက်တိုဘာ   ၂၈


မကြာမီ ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယရောက်တော့မည်။ ဗုဒ္ဓဘုရားရှင်သည် မိဘကျေးဇူးကို ဆပ်လို၍ ဝါတော် ခုနစ်ဝါမြောက်တွင် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်တော်မူခဲ့သော သန္တုဿိတနတ်သား ကို အမှူးထားပြီး စကြာဝဠာတိုက်တစ်သောင်းရှိ နတ်ဗြဟ္မာတို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာခုနစ်ကျမ်း ဟောကြားတော်မူပေသည်။ ဘုရားရှင်၏ မိဘကျေးဇူးဆပ် ထိုတရားတော် ဟောကြားပြီးခဲ့သည့်လသည့် သီတင်းကျွတ်လအခါသမယပင်ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့သည် သာသနာတော်တစ်ရပ်လုံးနှင့် ဆိုင်သော ရဟန်းသံဃာအချင်းချင်း ဖိတ်ကြားရသော ပဝါရဏာနေ့ဖြစ်ပေသည်။ ဘုရားရှင် ပညတ်တော်မူသော ပဝါရဏာပြုရန် အချင်းချင်း ဖိတ်ကြားခြင်းဖြစ်သည်။ တစ်ပါးနှင့်တစ်ပါး မြင်သည်ဖြစ်စေ၊ ကြားသည်ဖြစ်စေ၊ သံသယရှိသည်ဖြစ်စေ ပြောဆိုဆုံးမရန် ဖိတ်ကြားခြင်းဖြစ်သည်။ ရဟန်းသံဃာအချင်းချင်း တစ်ပါးနှင့်တစ်ပါး ဖိတ်ကြားပြီး တပည့်တော်အပြစ်ကိုမြင်လျှင် ပြုပြင်ပါမည်ဟု ဝန်ခံကတိပေးခြင်းဖြင့် သာသနာတော် သန့်ရှင်း တည်တံ့ထွန်းကားစေနိုင်ပါသည်။

ဤအချိန်ရောက်တိုင်း မြန်မာတစ်နိုင်ငံလုံး၊ အသံမစဲ အဘိဓမ္မာတရားရွတ်ဖတ်ပူဇော်သံများ၊ ပျော်ပွဲရွှင်ပွဲ များ၊ မီးထွန်းပွဲများကို ရိုးရာမပျက် ကျင်းပကြသည်။ သီတင်းကျွတ်ကာလသို့ရောက်လျှင် သက်ကြီးဘိုးဘွားများ၊ မိဘဆရာသမားတို့အား ဂါရဝပြု ကန်တော့ကြသည်။ မြန်မာတို့၏ ထုံးတမ်းအစဉ်အလာအရ ရှိခဲ့သော မာတာပီတ ဂါရဝပွဲများသည် မြန်မာလူမျိုးတို့အတွက် ဂုဏ်ယူဖွယ်ရာ အစဉ်အလာကောင်းတစ်ခုပင်ဖြစ်၏။ ထိုသို့ ဂါရဝပြု ကန်တော့ခြင်းသည် အဘိုး၊ အဘွား၊ အမိ၊ အဖနှင့် ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို ပြန်ပြောင်းအောက်မေ့ခြင်းလည်းဖြစ်သည်။ သီတင်းကျွတ်လသည် မိဘတို့အား ဂါရဝပြုသည့်လ၊ မိဘကျေးဇူး အထူးသိမြင်သည့်လဟု ဆိုထိုက်ပေသည်။ မြန်မာတို့၏ မာတာပီတ ဂါရဝပြုပွဲများသည် မြန်မာလူမျိုးတို့၏    အစဉ်အလာကောင်းတစ်ရပ်ပင်ဖြစ်ပေသည်။ သားသမီးများက အမိ၊ အဖတို့ကို ကန်တော့ကြရာတွင် အချို့ မိဘများက သက်ရှိထင်ရှားရှိ၍ ကန်တော့ကြသည်။ အချို့မှာ မိဘများမရှိကြ၍ မိဘတို့အားရည်စူးပြီး ကောင်းမှုကုသိုလ်အမျိုးမျိုး ပြုလုပ်ပေးလေ့ရှိကြသည်။

နှစ်စဉ်နှစ်တိုင်း ကျင်းပကြသည့် သီတင်းကျွတ်အချိန်တွင် ဘုရားသွား၊ ကျောင်းသွား၊ ဘုန်းတော်ကြီးကျောင်း များသို့ သွားရောက်ခြင်း၊ စေတီတော်များအား ဖူးမြော်ခြင်းများ ဆင်နွှဲရာတွင် ယခုနှစ်သည် COVID-19 ရောဂါ အန္တရာယ်နှင့် တွေ့ကြုံနေရသဖြင့် လူစုလူဝေးမဖြစ်အောင် စီစဉ်ခြင်းဖြင့် ကိုဗစ်ရောဂါအန္တရာယ်မပြန့်ပွားအောင် ထိန်းချုပ်ရမည်ဖြစ်ရာ သီတင်းကျွတ်ကာလ ကုသိုလ်လည်းရ၊ စိတ်အေးချမ်းအောင် ကိုယ်စီအသိဖြင့် ဆင်ဆင်ခြင်ခြင် ဖြတ်သန်းစေချင်ကြောင်း . . . . . ။    ။






အခြားဆက်စပ်သတင်းများ