နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် ဘင်္ဂလားဒေ့ရှ်တွင် ချီတက်ဆန္ဒပြ

အောက်တိုဘာ ၂၈၊ ဒါကာ


အစွန်းရောက်အစ္စလာမ်ဝါဒအပေါ် ပြင်သစ်နိုင်ငံ၏ ပြတ်သားသည့် ရပ်တည်ချက်နှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွားလျက်ရှိရာ ပြင်သစ်နိုင်ငံ၏ ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် တောင်းဆိုသည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမြို့တွင် လူသောင်းချီ ချီတက်ခဲ့ကြသည်။ ချီတက်ဆန္ဒပြသူများက တမန်တော်မိုဟာမက်ပုံ ကာတွန်းရေးဆွဲမှုအပေါ် ကာကွယ်ခဲ့သည့် ပြင်သစ်သမ္မတ မက်ခရွန်၏ ပုံတူကို မီးရှို့ခဲ့ကြသည်။


လူအုပ်ကြီးကို ပြင်သစ်သံရုံးအထိ မချီတက်နိုင်စေရန်အတွက် ရဲများက လမ်းပိတ်ဆို့ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးမားဆုံး အစ္စလာမ်ပါတီတစ်ခုဖြစ်သည့် Islami Andolan Bangladesh က ဦးဆောင်ခဲ့သည့် ချီတက်ပွဲတွင် လူ ၄၀၀၀၀ နီးပါး ပါဝင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။


ယခုလအစောပိုင်းက တပည့်များကို တမန်တော်မိုဟာမက် ကာတွန်းပြခဲ့သည့် ပြင်သစ်ကျောင်းဆရာ ခေါင်းဖြတ်သတ်ခံရသည့်ဖြစ်ရပ်နှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံ၏ လောကီဝါဒကို မက်ခရွန်က ကာကွယ်ပေးခဲ့ပြီးနောက် မွတ်စလင်အများစုရှိသည့် နိုင်ငံအများအပြားက ယင်းကို ပစ်မှတ်ထား ဝေဖန် တိုက်ခိုက်ခဲ့ကြသည်။ ပြီးခဲ့သည့်တနင်္လာနေ့တွင်လည်း တူရကီသမ္မတ အာဒိုဝမ်က ပြင်သစ်ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် တိုက်တွန်းခဲ့သည်။


လက်ရှိဖြစ်ပွားနေသည့် အခြေအနေများကြောင့် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အီရတ်နှင့် မော်ရစ်တန်းနီးယားနိုင်ငံများရှိ ပြင်သစ်နိုင်ငံသားများအနေဖြင့် သတိ၊ ဝီရိယဖြင့် နေထိုင်ကြရန် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားရသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ