နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စလာမ်မုန်းတီးရေးအကြောင်းအရာများကို ဖေ့ဘွတ်ခ်ပေါ်မှ ပိတ်ပင်ပေးရန် ပါကစ္စတန်ဝန်ကြီးချုပ်က မက်ခ်ဇူကာဘတ်ထံ စာပို့

အောက်တိုဘာ ၂၇၊ အစ္စလာမ်မာဘတ်


အစ္စလာမ်မုန်းတီးရေး အကြောင်းအရာများကို ပိတ်ပင်ပေးရန် ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရန်ခန်းက ဖေ့ဘွတ်ခ် လူမှုကွန်ရက်၏ အမှုဆောင်ချုပ် မက်ခ်ဇူကာဘတ်ထံ စာရေးသားပေးပို့ခဲ့သည်။ အစ္စလာမ်မုန်းတီးမှုများ ကြီးထွားလာခြင်းကြောင့် အမုန်းတရား၊ အစွန်းရောက်မှု၊ ဆူပူအကြမ်းဖက်မှုများကို အားပေးအားမြှောက်လုပ်ရာရောက်ပြီး အထူးသဖြင့် လူမှုကွန်ရက် အသုံးပြုမှုမှတစ်ဆင့် ဖြစ်ပျက်နေသည်ဟု အဆိုပါစာထဲတွင် အိုင်မရန်ခန်းက ပြောသည်။

ပြင်သစ်သမ္မတ မက်ခရွန်က အစ္စလာမ်ဘာသာကို တိုက်ခိုက်နေသည်ဟု စွပ်စွဲခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခုကဲ့သို့ စာပေးပို့ခဲ့ခြင်းဖြစ်သည်။ တပည့်များကို တမန်တော်မိုဟာမက်ကာတွန်း ပြသခဲ့သည့် ပြင်သစ်ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်သတ်ခံရပြီးနောက် ပြင်သစ်သမ္မတ မက်ခရွန်က ''အစ္စလာမ်အစွန်းရောက်တွေက ကျွန်တော်တို့ရဲ့ အနာဂတ်ကို လိုချင်တဲ့အတွက် ကျောင်းဆရာကို သတ်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ကာတွန်းတွေကို စွန့်လွှတ်သွားမှာမဟုတ်ပါဘူး''ဟု ပြောခဲ့ခြင်းကြောင့် အိုင်မရန်ခန်းက မက်ခရွန်ကို ဝေဖန်ခဲ့သည်။


ဖေ့ဘွတ်ခ်မှာ ယင်းတို့၏လူမှုကွန်ရက်ပေါ်မှ အမုန်းစကားများ ဖယ်ရှားသည့်မူဝါဒကို ကျင့်သုံး လျက်ရှိသည်။ လူမျိုးရေး၊ မျိုးနွယ်စု၊ ဇာတိမူလ၊ ဘာသာရေး စသည့် ကာကွယ်စောင့်ရှောက်ရမည့် အချက်များအပေါ် အခြေခံပြီး ရင့်သီးပြီး လူမဆန်သည့် ဟောပြောမှုလုပ်ခြင်း သို့မဟုတ် ထိခိုက်နစ်နာစေမည့်  စွဲလမ်းမှုများမှတစ်ဆင့် လူများကို တိုက်ရိုက်တိုက်ခိုက်ခြင်းကို  အမုန်းစကားဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။


ဟိုလိုကော့စ်(ဂျူးလူမျိုးများ မီးလောင်တိုက်သွင်းခံရမှု)ကို ပုံဖျက်ဖော်ပြခြင်း၊ ငြင်းဆန်ခြင်းတို့နှင့် ပတ်သက် သည့် အကြောင်းအရာမှန်သမျှကို ပိတ်ပင်ရန် မကြာသေးမီအချိန်အတွင်း ဖေ့ဘွတ်ခ်က ဆုံးဖြတ်ခဲ့ခြင်းကို အိုင်မရန်ခန်းက ရည်ညွှန်းကိုးကားခဲ့ပြီး အစ္စလာမ်ဆန့်ကျင်ရေး မှတ်ချက်များနှင့်ပတ်သက်၍လည်း အလားတူမူဝါဒကျင့်သုံးသည်ဟု တိုက်တွန်းခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ