ရန်ကုန် အောက်တိုဘာ ၂၆
စမတ်ဖုန်းလောကမှ နာမည်ကြီးကုမ္ပဏီများသည် ထူးခြားကွဲပြားသည့် ကျောဘက်ကင်မရာ Setup ဒီဇိုင်းကို အပြိုင်အဆိုင်ဖန်တီးလာနေကြသည်။ Apple နှင့် Google တို့တွင် စတုရန်းကင်မရာအိမ်ဒီဇိုင်း၊ Samsung က လေးထောင့်စတုဂံကင်မရာအိမ်၊ OnePlus နှင့် Moto တို့က စက်ဝိုင်းပုံကင်မရာဒီဇိုင်းဖြင့် Nokia က ပျားအုံပုံစံကင်မရာဖွဲ့စည်းမှုပုံစံတို့ကို အသုံးပြုခဲ့ကြသည်။
Huawei ၏ Huawei Mate 40 Series တွင် ထူးခြားစွာ ရှစ်မြှောင့် (သို့မဟုတ်) ခြောက်မြှောင့်ပုံကင်မရာ အိမ်ဒီဇိုင်းကို သုံးလာမည်ဟု Official Teaser တွင် ပြထားသည်။ အသုံးပြုသွားမည့်ကင်မရာအရေအတွက် မသိရသေးသော်လည်း ကျောဘက်တွင် 50MP ကင်မရာပါလာမည်ဟု သတင်းများထွက်ပေါ်နေခဲ့သည်။ Huawei Mate 40 Pro တွင် 80MP Ultra-Wide Lens ကို အသုံးပြုသွားရန်စီစဉ်ထားပြီး ပြီးခဲ့သည့် ရက်ပိုင်းက Huawei အမှုဆောင်အရာရှိတစ်ဦးဖြစ်သည့် He Gang က Mate 40 နှင့် နေ့ခင်းတွင် လကို Zoom ဆွဲရိုက်ထားသည့်ပုံကို Weibo တွင် တင်ခဲ့သည်။
တရားဝင်ထွက်လာသည့် Render ပုံကြမ်းတွင် Huawei Mate 40 စီးရီး၏ ညာဘက်ဘောင်တွင် Volume ခလုတ်များ အသုံးပြုထားသည်။ Huawei သည် ပြီးခဲ့သည့်နှစ်က မိတ်ဆက်ခဲ့သည့် Mate 30 စီးရီးတွင် Virtual buttons နည်းပညာ သုံးသွားပြီး Mate 40 Lineup တွင် မတူကွဲပြားသည့် ဒီဇိုင်းများ အသုံးပြုလာရန်ရှိနေသည်။
Huawei Mate 40 ဖုန်းသစ်များသည် 5nm Process ဖြင့်ထုတ်ထားသည့် Kirin 9000 SoC အသုံးပြု သွားရန် ရှိနေသည်။
(WP)