နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခြေခံဥပဒေပြင်ဆင်ရေးဆွဲရန် ချီလီပြည်သူများ တညီတညွတ်တည်း ထောက်ခံမဲပေး

 အောက်တိုဘာ  ၂၆၊ ဆန်တီယာဂို


အာဏာရှင် ပီနိုချက်လက်ထက်က ရေးဆွဲခဲ့သည့် အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရန် ချီလီနိုင်ငံသားများက တညီတညွတ်တည်း ထောက်ခံမဲပေးခဲ့သည်။ လူတန်းစား မညီမျှမှုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်  မဲ ၉၀ ရာခိုင်နှုန်းနီးပါး ရေတွက်ပြီးစီးချိန်၌ ၇၈ ရာခိုင်နှုန်းက အခြေခံဥပဒေပြင်ဆင်ရေးဆွဲရန် ထောက်ခံမဲပေးခဲ့ကြသည်။ ချီလီသမ္မတ ပင်နီရာက မဲရလဒ်ကို အတည်ပြုခဲ့ပြီး ငြိမ်းချမ်းစွာ မဲပေးမှုများကို ချီးကျူးစကားဆိုခဲ့သည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှ မဲပေးမှုများမှာ ချီလီပြည်သူအားလုံး အတူတကွလျှောက်လှမ်းရမည့် လမ်းကြောင်း၏ လမ်းစဖြစ်သည်ဟု ပင်နီရာက ဆိုသည်။


ချီလီနိုင်ငံတွင် လွန်ခဲ့သည့်တစ်နှစ်က စတင်၍ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ လူ့အဖွဲ့အစည်းအတွင်း ခိုင်မာစွာ အမြစ်တွယ်နေသည့် လူတန်းစားမညီမျှမှုများကို ပြင်ဆင်ပြောင်းလဲရေးအတွက် အခြေခံဥပဒေသစ် ရေးဆွဲရန် လိုအပ်သည်ဟု ဆန္ဒပြပွဲများတွင် ဆန္ဒပြသူများက အဓိကတောင်းဆိုခဲ့ကြသည်။


'' အခုအချိန်မတိုင်ခင်အထိ အခြေခံဥပဒေက ကျွန်တော်တို့ကို ခွဲခြားထားခဲ့တယ်။ အခြေခံဥပဒေသစ်က စည်းလုံးညီညွတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ အနာဂတ်အတွက် အဓိကမူဘောင်တစ်ရပ်ဖြစ်လာအောင် ဒီနေ့ကစပြီး ကျွန်တော်တို့အားလုံး အတူတကွလုပ်ဆောင်ရမယ်''ဟု ပင်နီရာက ပြောသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် အခြေခံဥပဒေသစ် ပြင်ဆင်ရေးဆွဲစေလိုခြင်း ရှိ၊ မရှိ ၊ အခြေခံဥပဒေသစ် ရေးဆွဲရန် မည်သည့်အဖွဲ့ကို တာဝန်ပေးရန် လိုလားသနည်း ဆိုသည့် မေးခွန်း ၂ ခု မေးမြန်းခဲ့သည်။ မဲပေးသူအများစုက လွှတ်တော်အမတ်များ ပါဝင်လာမည်ကို မလိုလားဘဲ ရွေးကောက်ခံပြည်သူများဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့ကိုသာ အခြေခံဥပဒေသစ် ပြင်ဆင်ရေးဆွဲစေလိုသည်ဟု မဲပေးခဲ့ကြသည်။                                                


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ