နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဓာတ်မြေသြဇာကွန်တိန်နာအတွင်း ပုပ်သိုးဆွေးမြည့်နေသည့် ရုပ်အလောင်း ၇ လောင်း ရှာဖွေတွေ့ရှိ

အောက်တိုဘာ  ၂၅၊ အဆန်စီယွန်


ပါရာဂွေးနိုင်ငံရှိ ဓာတ်မြေသြဇာကွန်တိန်နာအတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများဟု ယူဆရသူ ခုနစ်ဦး၏ ဆွေးမြည့်ပုပ်သိုးနေသည့် ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ကြောင်း ပါရာဂွေးနိုင်ငံ အရာရှိများက ပြောသည်။ အဆိုပါကွန်တိန်နာမှာ ဇူလိုင်လ ၂၁ ရက်တွင် ဆားဘီးယားနိုင်ငံမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ခရိုအေးရှား၊ အီဂျစ်၊ စပိန်၊ အာဂျင်တီးနားနိုင်ငံများသို့ ဖြတ်ကျော်ခဲ့ပြီးနောက် ပါရာဂွေးနိုင်ငံသို့ ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။ ကွန်တိန်နာပေါ်တွင် လိုက်ပါခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများမှာ ခရိုအေးရှားနိုင်ငံတွင်ဆင်းရန် ရည်ရွယ်ထားခဲ့ဖွယ်ရှိသည်ဟု ဆိုသည်။ 

သေဆုံးသူ ၇ ဦးအနက် သုံးဦးမှာ မိုရိုကိုနိုင်ငံမှဖြစ်ပြီး အီဂျစ်နိုင်ငံသားတစ်ဦးလည်း ပါဝင်သည်ဟု မှုခင်းဆရာဝန် ပက်ဘလိုလီမာက ဆိုသည်။ ကွန်တိန်နာထဲမှ ရုပ်အလောင်းများကို ပါရာဂွေးနိုင်ငံမြို့တော် အဆန်စီယွန်မြို့ရှိ စိုက်ပျိုးရေးကုမ္ပဏီ ဝန်ထမ်းများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူအားလုံး အရွယ်ရောက်ပြီးသည့် အမျိုးသားများဖြစ်ဖွယ်ရှိပြီး အသက်ရှူကျပ်ခြင်းကြောင့် သေဆုံးရခြင်းဖြစ်နိုင်သည်ဟု မှုခင်းဆရာဝန် ပက်ဘလိုလီမာက ပြောသည်။ ဓာတ်မြေသြဇာကြောင့် အလောင်းများ ပုပ်သိုးပျက်စီးရန် ပိုမိုလွယ်ကူသွားခြင်းဖြစ်သည်ဟု ယင်းက ဆိုသည်။ ကွန်တိန်နာအတွင်း ဆားဘီးယားတက္ကစီ ငွေချလန်တစ်ခု၊ ဖုန်းကတ်တစ်ခုနှင့်အတူ အစားအစာများ တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ရုပ်အလောင်းများမှာ ဆံပင်နှင့် အရိုးသာ ကျန်ရှိတော့ကြောင်း လက်ရှိအချိန်တွင် မည်သူ၊ မည်ဝါ ခွဲခြားဖော်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။                                                                                                                          Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ