အောက်တိုဘာ ၂၄၊ ဝါရှင်တန်
ပြီးခဲ့သည့်သောကြာနေ့က အမေရိကန်နိုင်ငံတွင် COVID-19 လူနာသစ်တွေ့ရှိမှု တစ်ရက်တာ စံချိန်သစ်တင်ခဲ့ကြောင်း ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ ဒေသဆိုင်ရာ ပြည်နယ် ကျန်းမာရေး အာဏာပိုင်များ၏ အချက်အလက်များအရ ပြီးခဲ့သည့်သောကြာနေ့က အမေရိကန်နိုင်ငံတွင် COVID-19 လူနာသစ် ၈၃၀၁၀ တွေ့ရှိခဲ့ကြောင်း Covid Tracking Project တွင် ဖော်ပြသည်။
ဆေးရုံတက်ရသူအရေအတွက် မြင့်တက်လာမည်ဟု အမေရိကန်နိုင်ငံ လူထုကျန်းမာရေးဌာန အကြီးအကဲ ဂျရုန်းအဒမ်က သတိပေးထားသည်။ သို့သော် COVID-19 လူနာများအတွက် ကုသစောင့်ရှောက်မှု ပိုမိုကောင်းမွန်လာခြင်းကြောင့် သေဆုံးသူအရေအတွက် ကျဆင်းလာသည်။ အစောပိုင်းက စမ်းသပ် ထိုးနှံမှုများကို ရပ်တန့်ထားသည့် AstraZeneca နှင့် Johnson & Johnson ဆေးဝါးကုမ္ပဏီများကလည်း ဆေးဝါးဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းသူများ၏ အတည်ပြုချက်ရရှိခဲ့ခြင်းကြောင့် ဆေးဝါးစမ်းသပ်ထိုးနှံမှုများ ပြန်လည်စတင်နေပြီဖြစ်သည်။
လက်ရှိအနေအထားအရ ကမ္ဘာ့မြောက်ပိုင်းရှိ နိုင်ငံများမှာ စိုးရိမ်ရသည့် အနေအထားရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က သတိပေးထားသည်။ ''လာမယ့်လအနည်းငယ်က အရမ်းကို ခက်ခဲကြမ်းတမ်းမှာပါ။ တချို့နိုင်ငံတွေကတော့ အန္တရာယ်များတဲ့ လမ်းကြောင်းပေါ် ရောက်နေတယ်'' ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ညွှန်ကြားရေးမှူးချုပ် ဂီဘရီယီဆပ်က ပြောသည်။ အမေရိကန်နိုင်ငံတွင် COVID-19 လူနာ ၈ ဒသမ ၅ သန်းနီးပါး ရှိနေပြီး လူ ၂၂၀၀၀၀ ကျော် သေဆုံးခဲ့သည်။
Ref:BBC(KNT)