အောက်တိုဘာ ၂၄၊ အဘူဂျာ
ရဲတပ်ဖွဲ့၏ အင်အားသုံး နှိမ်နင်းမှုများအပေါ် ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများတွင် လူ ၆၉ ဦး သေဆုံးခဲ့သည်ဟု နိုင်ဂျီးရီးယားသမ္မတ ဘူဟာရီက ပြောသည်။ သေဆုံးသူအများစုမှာ အရပ်သားများ ဖြစ်ပြီး စစ်သည်များနှင့် ရဲအရာရှိများလည်း ပါဝင်သည်ဟု ဆိုသည်။ နိုင်ဂျီးရီးယားနိုင်ငံကို မငြိမ်မသက် ဖြစ်စေခဲ့သည့် ဆူပူအုံကြွမှုများ အဆုံးသတ်ရေးအတွက် နည်းလမ်းရှာဖွေရန် ရည်ရွယ်၍ နိုင်ဂျီးရီးယားခေါင်းဆောင်ဟောင်းများနှင့် အရေးပေါ်တွေ့ဆုံဆွေးနွေးမှုတွင် သမ္မတ ဘူဟာရီက သေဆုံးသူ အရေအတွက်ကို ကြေညာခဲ့ခြင်းဟု ယင်း၏ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီသတင်းဌာနသို့ ပြောသည်။
ဓားပြမှု တိုက်ဖျက်နှိမ်နင်းရေး အထူးတပ်ဖွဲ့(Sars)ကို ဖျက်သိမ်းပေးရန် တောင်းဆိုသည့်အနေဖြင့် အောက်တိုဘာလ ၇ ရက်နေ့မှစတင်၍ လူငယ်အများစုပါဝင်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ရက်ပိုင်းအကြာတွင် (Sars)အဖွဲ့ကို ဖျက်သိမ်းပေးခဲ့သော်လည်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး နိုင်ဂျီးရီးယားအစိုးရကို ပြုပြင်ပြောင်းလဲမှုများလုပ်ရန် တောင်းဆိုခဲ့ကြသည်။ သို့သော် ဆန္ဒပြပွဲများ ဦးဆောင်ကျင်းပရာတွင် အဓိကဖြစ်ခဲ့သည့် အဖွဲ့က ပြည်သူများအနေဖြင့် နေအိမ်၌သာ နေထိုင်ကြရန် တိုက်တွန်းလျက်ရှိသည်။ ထို့အပြင် အမျိုးသမီးဝါဒညွန့်ပေါင်းအဖွဲ့ကလည်း ပြည်သူများအနေဖြင့် ယင်းတို့၏ ပြည်နယ်များတွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်များကို လိုက်နာကြရန် အကြံပြုထားသည်။
လက်ရှိအချိန်တွင် ဆန္ဒပြမှုအတိုင်းအတာ သိသိသာသာ ကျဆင်းသွားသော်လည်း မြို့အများအပြားတွင် မငြိမ်သက်မှုများ ရှိနေဆဲဖြစ်သည်။ လာဂို့စ်မြို့တွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ဖြေလျှော့ ပေးမည်ဟု အရာရှိများက ဆိုသည်။
Ref:BBC(KNT)