နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗဟိုဘဏ်၏ အတိုးနှုန်းများ ထပ်မံ လျှော့ချ

ရန်ကုန်  ဧပြီ  ၁၆

နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုလျင်မြန်စွာ အထောက်အကူပြုစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတိုးနှုန်း (Bank Rate) ကို တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းမှ  ၇ ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတိုးနှုန်း၊ အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်းများကို ထပ်မံလျှော့ချ ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်ပြီး  မေလ ၁ ရက်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ဗဟိုဘဏ်၏ အတိုးနှုန်း၊ အပ်ငွေများအပေါ် ပေးသည့် အတိုးနှုန်းနှင့်‌ ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်းများကို  မတ်လ ၁၂ ရက် ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ဖြင့် (ဝ ဒသမ ၅) ရာခိုင်နှုန်း၊ မတ်လ ၂၄ ရက်ကညွှန်ကြားချက်အမှတ် (၄/၂၀၂၀) ဖြင့် တစ်ရာခိုင်နှုန်း အသီးသီးလျှော့ချထားခဲ့ပြီး ယခုအကြိမ်သည် တတိယကြိမ်မြောက် လျှော့ချပေးခဲ့ခြင်းဖြစ်သည်။

ယခု ထပ်မံလျှော့ချပေးမှုတွင် ငွေစုစာရင်း အပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့် အပ်ငွေတို့ အပေါ်တွင် ပေးရမည့် အနည်းဆုံး အတိုးနှုန်းကို ဗဟိုဘဏ် အတိုးနှုန်းအောက် ၂ ရာခိုင်နှုန်းထက် မနည်းစေရဟု သတ်မှတ်ထားသည်။ အလားတူ ဗဟိုဘဏ်မှ သတ်မှတ်ထားသည့်အာမခံပစ္စည်းများရယူ၍ ထုတ်ချေးသည့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အများဆုံး အတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအထက် ၃ ရာခိုင်နှုန်းထက် ကျော်လွန်၍ ကောက်ခံခြင်း မပြုရဟု သတ်မှတ်ထားသည်။

ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် အာမခံပစ္စည်းများမှာ မြေနှင့် အဆောက်အအုံ၊ ရွှေ- ရွှေထည် ပစ္စည်း၊ စိန်နှင့် အဖိုးတန်ကျောက်မျက် ရတနာများ၊ ငွေစုလက်မှတ်၊ အစိုးရ ငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ)၊ အပေါင်ပြုလုပ်နိုင်သည့် ငွေချေးသက်သေခံ လက်မှတ်များနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ၊ လက်ရောက်အပေါင် (Pledge)၊ ချေးငွေအာမခံ (Credit Guarantee) ဖြင့် ထုတ်ချေးသည့် ချေးငွေများနှင့် ဗဟိုဘဏ်က အခါအားလျော်စွာ သတ်မှတ်သည့် အာမခံပစ္စည်းများကို အခြေပြု၍ ထုတ်ချေး သည့် ချေးငွေများ ပါဝင်သည်။

အဆိုပါ အာမခံပစ္စည်းများမှအပ အခြားအာမခံ ပစ္စည်းရယူ၍ဖြစ်စေ၊ အာမခံပစ္စည်းရယူခြင်း မပြုဘဲ ဖြစ်စေ၊ ထုတ်ချေးသည့် ချေးငွေများအပေါ်တွင် တောင်းခံနိုင်သည့်အများဆုံး အတိုးနှုန်းကို ၁၄ ဒသမ ၅ရာခိုင်နှုန်းဖြင့် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။             

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ