နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသေဆုံးမှုများမှာ တုပ်ကွေးကာကွယ်ဆေးနှင့် ဆက်နွှယ်မှုမရှိဟု တောင်ကိုရီးယားဝန်ကြီးချုပ် ဆို

အသက် ၁၇ နှစ်အရွယ်လူငယ် သေဆုံးရခြင်းမှာ တုပ်ကွေးကာကွယ်ဆေးထိုးခြင်းနှင့် ဆက်နွှယ်မှုမရှိ ကြောင်း တောင်ကိုရီးယားအာဏာပိုင်များက ပြောသည်။ တောင်ကိုရီးယားနိုင်ငံတွင် တုပ်ကွေး ကာကွယ်ဆေးထိုးပြီးနောက် လူအများအပြား သေဆုံးခဲ့ခြင်းကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တုပ်ကွေးကာကွယ်ဆေးထိုးပြီးနောက် အနည်းဆုံး လူ ၃၂ ဦး သေဆုံးခဲ့သည်။


သို့သော် အဆိုပါသေဆုံးမှုများမှာ တောင်ကိုရီးယားအစိုးရ၏ တုပ်ကွေးကာကွယ်ဆေးထိုးနှံရေး အစီအစဉ်နှင့်ဆက်နွှယ်မှုမရှိဟု ကျန်းမာရေးအရာရှိများက ပြောသည်။ လက်ရှိအချိန်အထိ တောင်ကိုရီးယားနိုင်ငံတွင် လူ ၁၃ သန်းနီးပါးကို တုပ်ကွေးကာကွယ်ဆေးထိုးနှံပေးထားသည်။

တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ရင်ဆိုင်နေရချိန်တွင် တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်အောင် တားဆီးကာကွယ်ရန် အာဏာပိုင်များက မျှော်လင့်လျက်ရှိသည်။ အသက် ၁၇ နှစ်အရွယ် လူငယ်သေဆုံးရခြင်းမှာ တုပ်ကွေးရောဂါ ကာကွယ်ဆေးကြောင့်ဟု ယူဆနိုင်သည့် သက်သေအထောက်အထားမတွေ့ရကြောင်း တောင်ကိုရီးယားနိုင်ငံ သေမှုသေခင်းစစ်ဆေးရေး အေဂျင်စီက ပြောသည်။


တုပ်ကွေးကာကွယ်ဆေးထိုးပြီးနောက် သေဆုံးရသူများ၏ ကျန်ရစ်သူမိသားစုအတွက် စိတ်မကောင်းဖြစ်မိသည်ဟု တောင်ကိုရီးယားဝန်ကြီးချုပ် ချန်ဆေးကျန်းက ပြောသည်။ အဆိုပါဖြစ်ရပ်များကို အသေးစိတ် စုံစမ်းစစ်ဆေးရန် တိုက်တွန်းထားသော်လည်း ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် သေဆုံးရခြင်းမဟုတ်ဟု ယင်းက ပြောသည်။


''အခုချိန်အထိ ပညာရှင်တွေကတော့ ကာကွယ်ဆေးထိုးနှံမှုနဲ့ သေဆုံးမှုတွေကြား ပတ်သက်ဆက်နွှယ်နိုင်ခြေနည်းတယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ စိုးရိမ်ပူပန်နေကြဆဲပါ'' ဟု ချန်ဆေးကျန်းက ဆိုသည်။ တောင်ကိုရီးယားနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း တုပ်ကွေးရောဂါကြောင့် လူ ၃၀၀၀ ကျော် သေဆုံးရသည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ