နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Chinese 8 Ball ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် ပူးလ်ကစားသမား ဘုန်းမြင့်ကျော်(ခ)အားတီ ယှဉ်ပြိုင်မည်

ရန်ကုန်   ဧပြီ  ၂၈

ကမ္ဘာ့ချန်ပီယံဟောင်းများနှင့် အိုးပင်းချန်ပီယံဟောင်းကစားသမားရှစ်ဦး ပတ်လည် ယှဉ်ပြိုင်ရမည့် Chinese 8 Ball ပြိုင်ပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချောင်ရန်မြို့၌ ဧပြီ ၁၈ ရက်က စတင်ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် ကစားသမား ဘုန်းမြင့်ကျော်(ခ)အားတီသည် ဧပြီ ၂၈ ရက် ညပိုင်းတွင် ပွဲဦးထွက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ပူးလ်ကစားသမား ဘုန်းမြင့်ကျော်သည် ၂၀၁၈ ခုနှစ် ကမ္ဘာ့ချန်ပီယံဟောင်း ဖြစ်သည့် Yu Hai Tao နှင့်ကစားရမည်ဖြစ်သည်။ Yu Hai Tao  သည် ယခုပြိုင်ပွဲ၌ ကစားပြီးသည့်   နှစ်ပွဲလုံးအနိုင် ရရှိထားကာ ရမှတ် ၁၂၀ဝ၀ ရရှိထားကြောင်း သိရသည်။ ဘုန်းမြင့်ကျော်(ခ)အားတီသည် Yu Hai Tao နှင့်အခြားပြိုင်ပွဲများ၌ နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး တစ်ပွဲနိုင်တစ်ပွဲရှုံးထားကြောင်း သိရသည်။

ယင်းတို့ ယှဉ်ပြိုင်ကစားကြပုံကို အွန်းလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သော်လည်း တရုတ်ပြည်တွင်း ၌သာ ကြည့်ရှုခွင့်ရမည်ဖြစ်သည်။ မြန်မာပရိတ်များအနေဖြင့် ကြည့်ရှုလိုပါက You Tube ၌ 2020  8  Battle Chinese Pool Super Match နာမည်ဖြင့်ဝင်ရောက်ပြီး ပြန်လွှင့်(Delay)ပွဲအဖြစ် ကြည့်ရှုနိုင်ကြောင်းသိရသည်။

မြန်မာ့လက်ရွေးစင်ကစားသမား ဘုန်းမြင့်ကျော်(ခ)အားတီသည် ဧပြီ ၂၉ ရက် ညပိုင်းတွင် အိုးပင်းချန်ပီယံ ဟောင်းတစ်ဦးဖြစ်သူ Li Bo နှင့်ဆက်ကစားရမည်ဖြစ်ပြီး တတိယနှင့် စတုတ္ထမြောက်ပွဲစဉ်များကို မေ ၃ ရက် နှင့် ၅ ရက်နေ့တို့တွင်ကစားရမည် ဖြစ်သည်။

၂၀၁၉ ခုနှစ် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် ပူးလ် 9 Ball ကစားနည်းမှ တစ်ဦးချင်းရွှေတစ်ခုနှင့် နှစ်ယောက်တွဲတွင် ရွှေတစ်ခုတို့ကို ရယူပေးခဲ့သော ဘုန်းမြင့်ကျော်(ခ)အားတီသည် ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံ၌ ကျင်းပခဲ့သော ပြိုင်ပွဲများအနက် Chinese Pool World Championships ပြိုင်ပွဲတွင် ၁၆ ယောက်အဆင့်သို့ရောက်ရှိခဲ့ပြီး Shanghai Open Chinese Pool  2019 ပြိုင်ပွဲ 2019 Anhui Dangshan Chinese Pool Joy masters open ပြိုင်ပွဲနှင့် 2019 CBSA Hongzhe International Open 9 Ball ပြိုင်ပွဲများ၌ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။

ယခု Chinese 8 Ball ပြိုင်ပွဲတွင် လတ်တလောကစားပြီးသော ပွဲစဉ်များအရ Chu Bing Jie က ရမှတ် ၂၀ဝ၀ဝ ဖြင့်ဦးဆောင်နေပြီး Yu Hai Tao က ရမှတ် ၁၂၀ဝ၀ ဖြင့် ဒုတိယနေရာက လိုက်နေကြောင်းသိရသည်။        

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ