အောက်တိုဘာ ၂၂၊ ဝါရှင်တန်
အမေရိကန်သမ္မတရွေးကောက်ပွဲဝင်မည့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်အတွက် မဲဆွယ်ပေးနေသည့် အမေရိကန်သမ္မတဟောင်း အိုဘားမားနှင့် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်တို့က နိုင်ငံရေးစုဝေးပွဲများတွင် အပြန်အလှန် ပုတ်ခတ်ခဲ့ကြသည်။ ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် ကျင်းပခဲ့သည့် နိုင်ငံရေးစုဝေးပွဲတွင် အိုဘားမားက ဒေါ်နယ်ထရမ့်ကို စိတ်မနှံ့သည့်ဦးလေးကြီး၊ လူမျိုးရေးခွဲခြားသူများကို ထောက်ခံအားပေးသူဟု ထိုးနှက်ခဲ့သည်။
''ဂျိုးဘိုင်ဒင် အနိုင်ရခဲ့ရင်တော့ မထောက်ခံသူမှန်သမျှကို ပုတ်ခတ်စော်ကားပြီး ထောင်ချမယ်လို့ ခြိမ်းခြောက်တဲ့ သမ္မတမျိုး ကြုံရမှာမဟုတ်ပါဘူး။ အဲဒီပုံစံက သမ္မတတစ်ယောက်ရဲ့ ပုံမှန်အပြုအမူ မဟုတ်ပါဘူး''ဟု အိုဘားမားက ပြောသည်။
ဒေါ်နယ်ထရမ့်က ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အိုဘားမား တွက်ကိန်းမှားခဲ့သည်ဟု ထောက်ပြဝေဖန်ခဲ့သည်။ ၂၀၁၆ သမ္မတရွေးကောက်ပွဲတွင် ဟီလာရီကလင်တန် ဝင်ပြိုင်ပါက ဒေါ်နယ်ထရမ့်ကို အနိုင်ရနိုင်ခြေ ပိုများသည်ဟု တွက်ဆခဲ့သည့် အိုဘားမားက ယင်း၏လက်အောက်တွင် ဒုတိယသမ္မတအဖြစ် ဆောင်ရွက်ခဲ့သည့် ဂျိုးဘိုင်ဒင်ကို နောက်ဆုတ်ပေးရန် တိုက်တွန်းခဲ့သည်ဟု သတင်းထွက်ခဲ့သည်။
''လူလိမ်မကြီး ဟီလာရီကလင်တန်အတွက် အိုဘားမားထက်ပိုပြီး မဲဆွယ်စည်းရုံးပေးသူ မရှိဘူးလေ။ ဟုတ်တယ်မလား။ သူက နေရာအနှံ့ခြေဆန့်ခဲ့တယ်။ အဲဒီရွေးကောက်ပွဲညမှာ ဟီလာရီကလင်တန်ထက် ပိုပြီးစိတ်မချမ်းမြေ့ခဲ့ရသူကတော့ ဘားရက်ဟူစိန်အိုဘားမားပဲဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်'' ဟု ဒေါ်နယ်ထရမ့်က ပြောသည်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် မဲပေးမည့်သူများအနေဖြင့် ဒေါ်နယ်ထရမ့်၏ အထူးပြန်လည် ထူထောင်ရေးနှင့် ဂျိုးဘိုင်ဒင်၏ တဟုန်ထိုးကျဆင်းမှု ၂ ခုအနက် တစ်ခုကို ရွေးချယ်ရန် ဆုံးဖြတ်ရမည်ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။ COVID-19 ကပ်ရောဂါကြောင့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ကြိုတင်မဲပေးမှုများ စံချိန်တင်မြင့်တက်ခဲ့ပြီး လက်ရှိအချိန်အထိ စာတိုက်မဲ သို့မဟုတ် ကိုယ်တိုင်ကိုယ်ကျ သွားရောက်မဲပေးခဲ့သည့် ကြိုတင်မဲပေးမှု ၄၂ သန်းအထိ ရှိနေသည်။
Ref:BBC(KNT)