အောက်တိုဘာ ၂၁
ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေခြင်းဖြင့် စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်းကာ နေကောင်းထိုင်သာ ရှိသည်သာမက ကျန်းမာရေးကိုပါ အထောက်အကူပြုစေသည့်အသိကို လူတိုင်းဂရုပြုကြမှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ရာ စိတ်ကြည်လင်လန်းဆန်းစွာနေထိုင်ရသော ပတ်ဝန်းကျင်ကို ရရှိရန် မိမိတို့သည် အမှိုက်ကို စနစ်တကျ စွန့်ပစ်သည့်အလေ့အကျင့်ကို ရှင်သန်ဖွံ့ဖြိုးအောင် ကြိုးပမ်းကြရမည်ဖြစ်သည်။ မိမိပတ်ဝန်းကျင်တွင် အမှိုက် သရိုက်ကင်းစင်သန့်ရှင်းမှုရှိခြင်းနှင့် အမှိုက်သရိုက်များဖြင့် ပြည့်နှက်ရှုပ်ထွေးနေခြင်းဟူသည့် အနေအထား နှစ်မျိုး၏ ခံစားမှုချင်း အလွန်ကွဲပြားခြားနားသည်ဆိုသည်ကို လူတိုင်း သိရှိကြမည်ဖြစ်သည်။ မီးဖိုဆောင်ထွက် အမှိုက်သရိုက်များကို သတ်မှတ်အမှိုက်ကန်၊ အမှိုက်ပုံရန်နေရာတွင် သတ်မှတ်အချိန်အတွင်း၌သာ စွန့်ပစ်ရန် လိုအပ်သည်။ လမ်းသွားလမ်းလာများ၊ ခရီးသည်များသည် အမှိုက်များကို အလွယ်တကူ မစွန့်ပစ်ဘဲ လမ်းရှိ အမှိုက်ပုံးနေရာရောက်မှာ စွန့်ပစ်ရမည်။
လမ်းသွားလမ်းလာများအတွက် ချထားသော အမှိုက်ပုံးများတွင် ညစ်ညမ်းမှုဖြစ်စေသော အမှိုက်များ စွန့်ပစ်ခြင်း၊ ကွမ်းတံတွေးများထွေးခြင်း၊ နှပ်ညှစ်ခြင်း၊ သလိပ်၊ တံတွေး၊ အန်ဖတ်အရည်များစွန့်ပစ်ရမည်ဖြစ် ပေသည်။ အများသုံးစင်္ကြံ၊ လူသွားလမ်းများတွင် အမှိုက်နှင့် စက်ဆုပ်ဖွယ်ရာများ ချမထားရန်နှင့် သတ်မှတ် စွန့်ပစ်နေရာမှအပ နောက်ဖေးလမ်းကြား၊ မြေလွတ်၊ မြေလပ်နှင့် ရေမြောင်းများတွင် စွန့်ပစ်ခြင်းမပြုရန် ဆင်ခြင်ရမည်။ စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေးလုပ်ငန်းမှ စွန့်ပစ်ပစ္စည်းနှင့် စွန့်ပစ်ရည်များကို ရေတွင်း၊ ရေကန်၊ အဝီစိတွင်း၊ ရေမြောင်းနှင့် မြစ်ချောင်းများအတွင်း စွန့်ပစ်ခြင်းမပြုရန် လိုအပ်သကဲ့သို့ ယာဉ်များပေါ်မှ လမ်းပေါ်သို့ စည်းကမ်းမဲ့အမှိုက်များစွန့်မပစ်ရန်လည်း ထိန်းသိမ်းရမည်။
ယနေ့ဖြစ်ပွားနေသော ကိုဗစ်ရောဂါပိုးကူးစက်ပြန့်ပွားမှုက အန္တရာယ်ကြီး၏။ အပြင်မထွက်ဘဲ အိမ်တွင်း၌ နေခြင်း၊ ပြင်ပလာသူများနှင့် ထိတွေ့ဆက်ဆံမှုမပြုခြင်းသည် ပိုးကူးစက်နိုင်သည့် အခြေအနေက များစွာ ဝေးကွာလုံခြုံမည်ဖြစ်၏။ မဖြစ်မနေထွက်ပါက နှာခေါင်းစည်း၊ မျက်နှာဖုံးတပ်ဆင်၍ သွားလာပါက ကူးစက်မှု သက်သာစေမည်ဖြစ်ပြီး လက်ကိုရေ၊ ဆပ်ပြာတို့ဖြင့် စနစ်တကျဆေးကြောခြင်းက ရောဂါပိုးကူးစက်မှုကို ဟန့်တားနိုင်ပေမည်။ သုံးစွဲပြီးသော နှာခေါင်းစည်း၊ မျက်နှာဖုံးတို့ကို ပိုးသတ်ဆေးဖျန်း၍ စနစ်တကျ ထုပ်ပိုးကာ သတ်မှတ်အမှိုက်ပုံး၊ အမှိုက်ကန်များတွင် စွန့်ပစ်ရန် လိုအပ်သည်။ အမှိုက်သိမ်းဆည်းသူတို့ ရောဂါဘေးမှ လုံခြုံစွာ သိမ်းယူနိုင်အောင် ဆောင်ရွက်စေချင်သည်။ လူထူထပ်မှုရှိသော မြို့ပြရန်ကုန်တွင် သုံးစွဲပြီး နှာခေါင်းစည်းနှင့် မျက်နှာဖုံးတို့က များပြားလှပေစွ။ ရောဂါပြန့်ပွားမှုမှ ကင်းဝေးထိန်းချုပ်နိုင်ရန် စွန့်ပစ်အမှိုက် များကို မြိုပြနေပြည်သူများ အလေးထားဆောင်ရွက်စေချင်ကြောင်း . . . . . ။ ။