နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်သည့် လုပ်ငန်းစုများအပေါ် ဝေဖန်ခဲ့သည့် ဒေါ်နယ်ထရမ့်ကိုယ်တိုင် တရုတ်ဘဏ်အကောင့်ရှိနေဟု ဆို

အောက်တိုဘာ ၂၁၊ ဝါရှင်တန်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တွင် တရုတ်ဘဏ်အကောင့်ရှိနေသည်ဟု နယူးယော့ခ်တိုင်းမ် သတင်းစာက ဖော်ထုတ်ရေးသားခဲ့သည်။ ထရမ့်နိုင်ငံတကာဟိုတယ်စီမံခန့်ခွဲရေးအဖွဲ့က ထိန်းချုပ်ထားသည့် အဆိုပါဘဏ်အကောင့်မှာ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်ကြားကာလအတွင်း ဒေသဆိုင်ရာ အခွန်ငွေ အမေရိကန်ဒေါ်လာ ၁၈၈၅၆၁ ပေးဆောင်ခဲ့ကြောင်း တွေ့ရသည်။ အာရှဒေသတွင် ဟိုတယ်လုပ်ငန်းစာချုပ်များ ချုပ်ဆိုနိုင်ပါက အဆင်ပြေစေရန်အတွက် တရုတ်ဘဏ်အကောင့် ဖွင့်လှစ်ခဲ့ခြင်းဟု ဒေါ်နယ်ထရမ့်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။


ဒေါ်နယ်ထရမ့်မှာ တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်သည့် အမေရိကန်လုပ်ငန်းစုများကို ဝေဖန်ခဲ့သူဖြစ်ပြီး ယင်းလက်ထက်တွင် အမေရိကန်နှင့် တရုတ်နိုင်ငံကြား ကုန်သွယ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့သည်။ ပုဂ္ဂလိကနှင့် ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ်အချက်အလက်များ ပါဝင်သည့် ဒေါ်နယ်ထရမ့်၏ အခွန်ငွေမှတ်တမ်းကို ရရှိပြီးချိန်တွင် နယူးယော့ခ်တိုင်းမ်က ဒေါ်နယ်ထရမ့်တွင် တရုတ်ဘဏ်အကောင့် ရှိနေကြောင်း ဖော်ထုတ်ရေးသားခဲ့သည်။


နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ဂျိုးဘိုင်ဒင်နှင့် ယင်း၏ မူဝါဒများမှာ တရုတ်နိုင်ငံဘက် ယိမ်းယိုင်နေသည်ဟု ဝေဖန်ခဲ့သည်။ ထို့အပြင် ဂျိုးဘိုင်ဒင်၏သား ဟန်တာဘိုင်ဒင်က တရုတ်နိုင်ငံနှင့် စီးပွားရေးလုပ်ငန်း ပတ်သက်မှုရှိကြောင်း ဒေါ်နယ်ထရမ့်အစိုးရက ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံတွင် ဖွင့်လှစ်ထားသည့် အမေရိကန်စက်ရုံများကို အမေရိကန်နိုင်ငံဆီ ပြန်ခေါ်ရန် အခွန်ငွေ လျှော့ချပေးသွားချင်သည်ဟု ပြီးခဲ့သည့်သြဂုတ်လက မိန့်ခွန်းပြောကြားမှုတွင် ဒေါ်နယ်ထရမ့်က ပြောသည်။ သို့သော် အဆိုပါလုပ်ငန်းများက တရုတ်နိုင်ငံတွင် ကြားပေါက်အလုပ်သာ လုပ်နေမည်ဆိုပါက လုပ်ငန်းစုများကို ပေးထားသည့် အစိုးရစာချုပ်များကို ပြန်ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။   


'' တရုတ်နိုင်ငံအပေါ် မှီခိုအားထားနေရတာကို ကျွန်တော်တို့ အဆုံးသတ်သွားမယ်'' ဟု ဒေါ်နယ်ထရမ့်က ပြောခဲ့ပြီး ၁၀ လအတွင်း အလုပ်အကိုင် ၁၀ သန်း ဖန်တီးပေးမည်ဟု ဆိုသည်။ သို့သော် နယူးယော့ခ်တိုင်းမ်၏ သတင်းအရ လက်တွေ့တွင် ဖီလာဆန့်ကျင်ဖြစ်နေပြီး ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ရန် ရည်ရွယ်နေသည်ဟု ဖော်ပြထားသည်။


''ဒေသဆိုင်ရာ အခွန်ငွေပေးဖို့ အမေရိကန်နိုင်ငံမှာ ရုံးခွဲရှိတဲ့ တရုတ်ဘဏ်တစ်ခုမှာ ထရမ့်နိုင်ငံတကာဟိုတယ်စီမံခန့်ခွဲရေးအဖွဲ့က အကောင့်ဖွင့်လှစ်ခဲ့တာပါ။၂၀၁၅ ခုနှစ်ကတည်းက စီးပွားရေးစာချုပ်ချုပ်တာ၊ ငွေလွှဲတာ၊ တခြားစီးပွားရေးလုပ်ငန်းလုပ်တာမျိုး မရှိခဲ့ပါဘူး။ ဘဏ်အကောင့်ဖွင့်ထားပေမဲ့ တခြားရည်ရွယ်ချက်တစ်ခုခုအတွက် အသုံးပြုခဲ့တာမျိုးမရှိပါဘူး''ဟု ထရမ့်အဖွဲ့အစည်း၏ ရှေ့နေ အလန်ဂါတင်က ပြောသည်။

ဒေါ်နယ်ထရမ့်မှာ အမေရိကန်နိုင်ငံမှာသာမက၊ ပြည်ပမှာပါ စီးပွားရေး လုပ်ငန်း အများကြီးရှိပြီး စကော့တလန်၊ အိုင်ယာလန်နိုင်ငံများတွင် ဂေါ့ဖ်ကွင်းများ ပိုင်ဆိုင်သကဲ့သို့ ကြယ်ငါးပွင့် ဟိုတယ်ကြီးများလည်း ပိုင်ဆိုင်သည်။ ယင်းမှာ တရုတ်နိုင်ငံအပြင် ဗြိတိန်နှင့် အိုင်ယာလန်နိုင်ငံများတွင်လည်း ဘဏ်အကောင့်များ ဖွင့်လှစ်ထားသည်ဟု နယူးယော့ခ်တိုင်းမ်က ဖော်ပြသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ