နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြက်သားများကို ဈေးနှုန်းသက်သာစွာဖြင့် လိုက်လံပို့ဆောင် ရောင်းချပေးလျက်ရှိ

ရန်ကုန် ဧပြီ ၂၈

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေအိမ်တွင် နေထိုင်ရေးအစီအစဉ်တွင် ပါ၀င်သော မြို့နယ်များမှ ပြည်သူများ စားသောက်မှု အဆင်ပြေစေရန် ရည်ရွယ်၍ လူထုအခြေပြု ပရဟိတအဖွဲ့ We Love Yangon က ကြက်သားများကို ဈေးနှုန်းသက်သာစွာဖြင့် လိုက်လံပို့ဆောင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

"လောလောဆယ်တော့ ကြက်သားတစ်မျိုးပဲ ရောင်းပေးပါသေးတယ်၊ နောက်မှ အသားမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံကို ဆက်လက်ရောင်းချပေးသွားမှာပါ၊ အဓိကက Stay home အစီအစဉ်မှာ ပါဝင်တဲ့မြို့နယ်တွေကို အဓိကထားတာပါ၊ ဒါပေမယ့် ဒီပြင်မြို့နယ်တွေက မှာရင်လည်း ပို့ပေးပါတယ်"ဟု We Love Yangon က Volunteer တာဝန်ခံ ကိုဖြိုးက ပြောသည်။

မှာယူလိုသူများအ‌နေဖြင့် လက်ရှိတွင်၂၅ ကျပ်သား ကြက်သား တစ်ထုပ် ၁၀၀၀ ကျပ်၊ ကြက်သဲမြစ် တစ်ထုပ် ၁၀၀၀ ကျပ်နှင့် ကြက်ခြေထောက်၊ ခေါင်း ၅၀၀ ကျပ်တို့ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ဖုန်း-၀၉၄၃၀၆၈၃၅၄၊ ၀၉၇၉၅၀၀၉၂၀၂ တို့သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

"မနက်ပိုင်း မှာရင် ညနေပိုင်းအရောက် ပို့ဆောင်ပေးပါတယ်၊ နေ့လယ် ၁ နာရီ‌နောက်
ပိုင်းမှာတဲ့ အော်ဒါတွေကိုတော့ နောက်‌နေ့
မနက်အစောပိုင်းအရောက် ပို့ဆောင်ပေးပါတယ်၊ အသားငါးရောင်းတဲ့ အစီအစဉ်က မနေ့ကမှ စတာပါ၊ မနေ့ကဆိုရင် ‌ခြောက်မြို့နယ်လောက် ပို့ရတယ်၊ အဲဒီခြောက်မြို့နယ်ထဲမှာ မရမ်းကုန်းနဲ့ အင်းစိန်မြို့နယ်တွေက မှာကြတာ များပါတယ်"ဟု ကိုဖြိုးက ပြောသည်။

We Love Yangon သည် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ စားသောက်မှု အဆင်ပြေစေရန် အိမ်တိုင်ရာရောက်စနစ်ဖြင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများနှင့် အကျိုးအမြတ် မယူဘဲ လိုက်လံပို့ဆောင်ပေးနေသည့် လူထုအခြေပြု ပရဟိတအဖွဲ့တစ်ခုဖြစ်ပြီး ထိုသို့ အိမ်တိုင်ရာရောက် လိုက်လံပို့ဆာင်ရောင်းချမှုများအပြင် မျှဝေခြင်းအစီအစဉ်ဖြစ်သည့် အလှူရှင်များ လာရောက်လှူဒါန်းသည့် ပစ္စည်းများကို အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"ဒီလိုဆောင်ရွက်ဖို့က အစောကြီးကတည်းကအစီအစဉ်ရှိပါတယ်၊ စဖြစ်တာတော့ အခုမှ စဖြစ်တာပါ၊ အဓိကကေတာ့ ဒီကာလမှာ ပြည်သူတွေ အပြင်ထွက်မလာဘဲ ဈေးသက်သက်သာသာနဲ့ လတ်ဆတ်တဲ့ အသားငါးအသီးအနှံတွေကို စားနိုင်အောင်လို့ ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊ ကိုဗစ်ရဲ့ပြဿနာကလည်း အပြင်ထွက် လူစုလူ
ဝေးပြဿနာဆိုတော့ အဲပြဿနာကို ဘယ်လိုဖြေလျော့မလဲဆိုတာ စီစဉ်ကြတဲ့သဘောပါပဲ"ဟု We Love Yangon က EC Member ကိုဇော်၀င်းခိုင်က ပြောသည်။

မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ