နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်ရန်ရှိ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်

ရန်ကုန်  ဧပြီ   ၂၈

သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ဧပြီ ၂၈ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး တက်ရောက်၍ လုပ်ငန်းဆိုင်ရာ လမ်းညွှန် မှာကြားသည်။

ရန်ကုန်မြို့တော်ဝန်က ပြောကြားရာတွင် မြန်မာနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း မုန်တိုင်းဝင်ရောက်ရန် ရှိကြောင်း၊ ဖြစ်နိုင်ချေမှာ ၇၀ ရာခိုင်နှုန်းရှိပြီး အိန္ဒိယနိုင်ငံသို့ ၃၀ ရာခိုင်နှုန်းရှိကြောင်း၊ ယင်းနှင့်ပတ်သက်၍  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်ပြီး ဆောင်ရွက်ရန်လုပ်ငန်းများကို အခြားသော ဌာနဆိုင်ရာများ နှင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ရေဆိုးကိစ္စများနှင့်ပတ်သက်၍ ရေနုတ်မြောင်းများ ရှင်းလင်းဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ရေပေးဝေရေးလုပ်ငန်းနှင့်ပတ်သက်၍လည်း ပြတ်လပ်မှုမရှိရန် အတွက် ကြိုတင်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနများအနေဖြင့် သစ်ပင်အကိုင်းများကို ရှင်းလင်းထားရှိရန် လိုအပ်ပြီး ဌာန များအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်ဥက္ကဋ္ဌများနှင့် တိုင်းစည်ပင်အား ဒုတိယ မြို့တော်ဝန်က တာဝန်ယူဆောင်ရွက်သွားရန်လိုအပ်ပြီး အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က တိုင်းအတွင်းတွင်ရှိသည့် အုပ်ချုပ်ရေးမှူးများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်ရှိသည့်      အုပ်ချုပ်ရေးမှူးများကို ချိတ်ဆက်ဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းများအားလုံးကို မြို့တော်ဝန်မှ            စီမံအုပ်ချုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်မှ ဆောင်ရွက်သွား မည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားကြပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူး ဦးသန်း နှင့် ကော်မတီဝင်များက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားရှိရမည့် ရေစီးရေလာ ကောင်းမွန်ရေး၊ လျှပ်စစ်ကေဘယ်လ်ကြိုးများ သစ်ပင်အကိုင်းများနှင့် လွတ်ကင်းမှုရှိရေး၊ ကြော်ငြာဆိုင်းဘုတ် များ ကြံ့ခိုင်မှုရှိရေး၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ ဆောင်ရွက်ခဲ့မှုများ၊ ခရိုင်နှင့် မြို့နယ်များအလိုက် ချိတ်ဆက်ဆောင်ရွက်ရေးနှင့် လူအား၊ စက်ယန္တရားအား များဖြင့် ဆောင်ရွက်ရေး၊ ပြင်ဆင်ရန်လိုအပ်သည့် အဆောက်အဦများအား ပြန်လည်ပြင်ဆင်ဆောင်ရွက်ရေး၊ ကယ်ဆယ်ရေး၊ ဆက်သွယ်ရေး၊ ရေကား၊ မီးသတ်ကားများ စီစဉ်ဆောင်ရွက်ထားရှိရေး ကိစ္စရပ်များကို လည်းကောင်း၊ ဌာနမှူးများက ရေပေးဝေရေး၊ ပြည်သူများ သောက်သုံးရေစုဆောင်းထားရှိရေး၊ ယာဉ်ယန္တရား များ လုံလောက်စွာထားရှိမှုများ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက လုပ်ငန်းအစီအမံများအား ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ရန်ကုန်မြို့တော်ဝန်က တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်း - ကျော်စိုး၊ ဓာတ်ပုံ - မိုးဝေ






အခြားဆက်စပ်သတင်းများ