နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါကစ္စတန်နိုင်ငံ၏ ခေါင်းချင်းဆက်အမြွှာညီအစ်မ ခွဲစိတ်မှုခံယူပြီး မွေးရပ်မြေသို့ ပြန်လာပြီ

အောက်တိုဘာ  ၂၀၊ အစ္စလာမ်မာဘတ်


ပါကစ္စတန်နိုင်ငံ၏ ခေါင်းချင်းဆက် အမြွှာညီအစ်မနှစ်ဦးမှာ လန်ဒန်မြို့ ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် မွေးရပ်မြေသို့ ပြန်ခွင့်ရခဲ့ပြီဖြစ်သည်။ ဆာဖာဘီဘီနှင့် မာဝါဘီဘီဟု အမည်ရသည့် ညီအစ်မနှစ်ဦးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက Great Ormond Street ဆေးရုံတွင် အကြီးစား ခွဲစိတ်မှု ၃ ကြိမ်လုပ်ခဲ့ရာ ခွဲခန်းထဲတွင် နာရီ ၅၀ ကျော် နေခဲ့ရသည်။


အမြွှာမွေးဖွားလာသူများအနက် အမြွှာ ၂၀ တွင် တစ်မြွှာသာ ခေါင်းချင်းဆက်မွေးဖွားနိုင်ခြေရှိပြီး အများအားဖြင့် ခေါင်းချင်းဆက်အမြွှာများမှာ ကလေးဘဝ၌ပင် အသက်ဆုံးရှုံးလေ့ရှိသည်။ ဆာဖာနှင့် မာဝါတို့၏ ခွဲစိတ်မှုကုန်ကျစရိတ်နှင့် ဆေးကုသမှုစရိတ်များမှာ ပေါင် ၁ သန်းကျော် ကုန်ကျပြီး ပါကစ္စတန်စီးပွားရေးလုပ်ငန်းရှင် လာခါနီက ကုန်ကျစရိတ်အားလုံး လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။


ဆာဖာနှင့် မာဝါတို့မှာ အသက် ၃ နှစ်ခွဲ အရွယ်ရှိနေပြီဖြစ်ပြီး လှုပ်ရှားသွားလာနိုင်စေရန်အတွက် အကြောအဆစ်ကုထုံးများဖြင့် ပုံမှန်ကုသမှု ခံယူလျက်ရှိသည်။ ဦးနှောက်သို့ အာဟာရဓာတ် ပံ့ပိုးပေးသည့် သွေးကြောများကို မျှဝေသုံးစွဲနေရခြင်းကြောင့် အမြွှာနှစ်ဦးအနက် တစ်ဦးသာ အဓိကကျသည့် သွေးကြောများ ရရှိမည်ဖြစ်ရာ ကျန်းမာရေးပိုချို့တဲ့သည့် မာဝါကို အဆိုပါသွေးကြောများပေးရန် ဆုံးဖြတ်ခဲ့သည်။


ထို့ကြောင့် ဆာဖာမှာ လေဖြန်းသွားခဲ့ပြီး သေရာပါ ဦးနှောက်ဒဏ်ရာရသွားခြင်းကြောင့် တစ်သက်လုံး လမ်းလျှောက် နိုင်တော့ဖွယ်မရှိပေ။ ဆာဖာနှင့် မာဝါတို့နှစ်ဦးလုံး သင်ယူရန် ခက်ခဲသည့်အခြေအနေများ ကြုံတွေ့လျက်ရှိသည်။                


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ