နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နစ်နာကြေးပေးပါက ဆူဒန်နိုင်ငံကို အကြမ်းဖက်တိုက်ခိုက်မှု အားပေးထောက်ခံသည့် နိုင်ငံများစာရင်းမှ ဖယ်ရှားပေးမည်ဟု ဒေါ်နယ်ထရမ့် ဆို

အောက်တိုဘာ  ၂၀၊ ဝါရှင်တန်


နစ်နာကြေး အမေရိကန်ဒေါ်လာ ၃၃၅ သန်း ပေးပါက ဆူဒန်နိုင်ငံကို အကြမ်းဖက်တိုက်ခိုက်မှု အားပေးထောက်ခံသည့် နိုင်ငံများစာရင်းမှ ဖယ်ရှားပေးမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ ၁၉၉၃ ခုနှစ်တွင် အယ်လ်ကေးဒါးအဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင်က ဆူဒန်အစိုးရ၏ ဧည့်သည်တော်အဖြစ် ဆူဒန်နိုင်ငံတွင် နေထိုင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရက ဆူဒန်နိုင်ငံကို အကြမ်းဖက် တိုက်ခိုက်မှု အားပေးထောက်ခံသည့် နိုင်ငံများစာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။


၁၉၉၈ ခုနှစ်တွင် အယ်လ်ကေးဒါးအဖွဲ့က အာဖရိကတိုက်ရှိ အမေရိကန်သံရုံးများကို ဗုံးခွဲ တိုက်ခိုက်ခဲ့သည်။ တန်ဇန်းနီးယားနှင့် ကင်ညာနိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူ ၂၂၀ ကျော် သေဆုံးခဲ့သည်။ အဆိုပါဖြစ်ရပ်များကြောင့် ဆူဒန်နိုင်ငံထံမှ နစ်နာကြေးတောင်းခံခြင်းဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွင် ထိခိုက်ခံစားခဲ့ရသူများနှင့် ကျန်ရစ်သူမိသားစုများကို ပေးအပ်သွားမည်ဟု ဒေါ်နယ်ထရမ့်က ပြောသည်။


ဆူဒန်နိုင်ငံက နစ်နာကြေး လွှဲပြောင်းပေးခဲ့ပြီးဖြစ်သော်လည်း လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံက အတည်ပြုခြင်းမရှိသေးကြောင်း ဆူဒန်ဝန်ကြီးချုပ် ဟမ်ဒေါ့က ပြောသည်။ ပြီးခဲ့သည့်နှစ်တွင် ဆန္ဒပြပွဲများကြောင့် ဆူဒန်သမ္မတ အယ်လ်ဘာရှာ ရာထူးမှ ပြုတ်ကျခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့် ဆူဒန်နိုင်ငံကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်ခဲ့သည်။


အစားအစာ၊ လောင်စာဆီနှင့် ဆေးဝါးတန်ဖိုးများ မြင့်တက်ပြီး ရှားပါးပြတ်လပ်မှု ကြုံတွေ့နေသည့် ဆူဒန်နိုင်ငံအတွက် အမည်ပျက်စာရင်းမှ ဖယ်ရှားခံရမည်ဆိုသည့်သတင်းမှာ အလွန် ဝမ်းသာစရာ သတင်းကောင်းဖြစ်သည်ဟု ဘီဘီစီသတင်းဌာန၏ အာဖရိကရေးရာ လက်ထောက်အယ်ဒီတာ အန်နီဆွိုင်းက ပြောသည်။


အမေရိကန်သမ္မတအနေဖြင့် နိုင်ငံတစ်နိုင်ငံကို အကြမ်းဖက်တိုက်ခိုက်မှုအားပေးထောက်ခံသည့်နိုင်ငံများစာရင်းမှ ဖယ်ရှားပေးရန် အခွင့်အာဏာရှိပြီး လွှတ်တော်က ၄၅ ရက်အတွင်း ကန့်ကွက်ပိုင်ခွင့်ရှိသည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၏ အကြမ်းဖက်တိုက်ခိုက်မှု အားပေးထောက်ခံသည့်နိုင်ငံများစာရင်း၌ အီရန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားနှင့် ဆူဒန်နိုင်ငံများ ပါဝင်နေသည်။      


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ