နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါးစပ်ပေါက် ကောင်းကောင်းမမြင်ရသည့် မွေးကင်းစကလေးငယ်ကို ကျန်းမာရေးအဖွဲ့က နှလုံးပြန်ခုန်လာအောင် လုပ်ပြီး အသက်ကယ်

အောက်တိုဘာ  ၂၀၊ လန်ဒန်


လမစေ့ဘဲ မွေးဖွားလာသည့် ကလေးငယ် အသက်ရှူရပ်တန့်သွားချိန်တွင် အသက်ကယ်ပေးခဲ့သည့် ကျန်းမာရေးအဖွဲ့ကို ကလေးငယ်၏ မိသားစုက ချီးကျူးဂုဏ်ပြုခဲ့သည်။ ဂရင်းစမစ်ဟု အမည်ရသည့် အသက် ၃၃ နှစ်အရွယ် ဗြိတိန်အမျိုးသမီးမှာ ပြီးခဲ့သည့်ဇွန်လက ဗိုက်နာလာခြင်းကြောင့် အတူနေချစ်သူ အလုပ်လုပ်သည့် လော်ရီကားဖြင့် ဆေးရုံသွားရန် ပြင်ဆင်ခဲ့သည်။


သို့သော် ကားထဲရောက်ချိန်တွင် မီးဖွားခဲ့ပြီး ကလေးငယ်မှာ အလွန်သေးငယ်သည့်အတွက် ပါးစပ်ပေါက်ပင် ကောင်းကောင်းမမြင်ရပေ။ သမီးငယ် ရေလင်းမှာ ကိုယ်ဝန်ဆောင်ချိန် ၂၆ ပတ်တွင် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။


ကလေးကို သေသေချာချာ ကြည့်ချိန်တွင် ကလေးအသက်မရှူမှန်း သိလိုက်ရ၍ မိဘနှစ်ပါးလုံး အလွန်စိတ်ပူပြီး အရေးပေါ်ကျန်းမာရေးအဖွဲ့ထံ ဖုန်းဆက်ခဲ့သည်။ ကလေးငယ် နှလုံးပြန်ခုန်လာစေရန် မည်ကဲ့သို့လုပ်ရမည်ဆိုခြင်းကို အရေးပေါ်ကျန်းမာရေးအဖွဲ့က ဖုန်းထဲမှတစ်ဆင့် ပြောပြခဲ့ခြင်းကြောင့် မိဘ ၂ ပါးက ကလေး၏ရင်ဘတ်ကို လက်မလေးဖြင့် ဖိကာ ပါးစပ်မှလေမှုတ်သွင်းပေးခဲ့သည်။


ထို့နောက်တွင် အရေးပေါ်ကျန်းမာရေးအဖွဲ့ ရောက်လာပြီး ချက်ကြိုးမဖြတ်ရသေးသည့် ကလေးငယ်ကို နှလုံးပြန်ခုန်လာအောင် လုပ်ပေးခဲ့သည်။
မိဘ ၂ ပါးနှင့် အရေးပေါ်ကျန်းမာရေးအဖွဲ့၏ လှုပ်ရှားမှုများက ကလေးငယ်ကို အသက်ကယ်ပေးနိုင်ခဲ့ခြင်းဟု ဆေးရုံရောက်သွားချိန်တွင် ဆရာဝန်များက ကောက်ချက်ချခဲ့သည်။ ကလေးငယ် ရေလင်းမှာ Royal Stoke တက္ကသိုလ်ဆေးရုံတွင် ရက် ၁၁၀ ကြာ ကုသမှုခံယူခဲ့ရပြီး စက်တင်ဘာလ ၂၉ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိခဲ့သည်။       


''ဆေးရုံဆင်းခွင့်ရရှိချိန်မှာ အရေးပေါ်ကျန်းမာရေးအဖွဲ့ကို ဆေးရုံအပြင်ဘက်မှာ မြင်လိုက်ရလို့ အံ့သြသွားမိတယ်။ သူတို့လုပ်ပေးခဲ့တာတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ သူတို့ကို ထာဝရအမှတ်ရနေမှာပါ'' ဟု မိခင်ဖြစ်သူ ဂရင်းစမစ်က ပြောသည်။        


 Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ