ရန်ကုန် အောက်တိုဘာ ၁၉
ဤလောက၌ ဗုဒ္ဓအလိုအရ တည်မြဲခြင်းဟူသည်ကား မရှိ။ အရာခပ်သိမ်းတို့သည် အနိစ္စသဘောအရ ပြောင်းလဲနေတတ်၏။ ယနေ့ခေတ်ကြီးကား အပြောင်းအလဲများနှင့် တိုးတက်နေသော ကမ္ဘာကြီးဖြစ်၏။ ထို အပြောင်းအလဲရေစီးကြောင်းအတွင်း လိုက်ပါကြသူများရှိသကဲ့သို့ မလိုက်ပါသူများလည်း ရှိ၏။ ယခုတလော လူပြောများသည့် စကားရပ်တွင် ပြုပြင်ပြောင်းလဲခြင်းဟူသောစကား ရေပန်းစားလာသည်။ အထူးသဖြင့် နိုင်ငံ ရေးလောက၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် သုံးကြသည်။ ထိုစကားသည် လူတိုင်းလူတိုင်း သိရှိ နားလည်လုပ်ကိုင်အပ်သော စကားရပ်ပင်ဖြစ်၏။
တစ်ခါက ရင်နှင့်အမျှခံစားရသည့် အဖြစ်အပျက်ကလေးတစ်ခု ကြုံတွေ့ရ၏။ အသက် ၈၀ ကျော် မိခင်အိုကြီးအား သားလိမ္မာက နယ်ဝေးမှ ပြန်ရောက်လာသည့်အချိန် မိခင်အိုကြီးအား စားသောက်ဖွယ်ရာများ၊ အဝတ်အစားအသုံးအဆောင်ပစ္စည်းနှင့် ငွေငါးသောင်းကို ကန်တော့၏။ မိခင်အိုကြီးက ပြုံးရွှင်ကြည်နူးစွာ ကန်တော့ခံ၏။ မိခင်အိုကြီး ဇရာထောင်းသဖြင့် လှုပ်လီလှုပ်လဲ့ဖြင့် ဆုမွန်ကောင်းပေး၏။ ပြီးသော်မှ ရီဝေမှိုင်းပြ သော အမြင်ဖြင့် ''သား ဒီပစ္စည်းတွေနဲ့ ငွေတွေက ဇနီးသည် သိသလား၊ ဇနီးသည် မသိရင်၊ အမေ ဒီအရွယ်မှာ ခိုးစာ ဝှက်စာ မစားရပါစေနဲ့။ အမေလည်း ငရဲရမယ်။ သားလည်း ဘဝမှာ ဒုက္ခရောက်မယ်။ ပြန်ယူသွားပါကွယ်''ဟု ရင်နင့်ဖွယ်ဆုံးမစကားဆို၏။
သားလိမ္မာလည်း ညှိုးငယ်စွာဖြင့် မျက်ရည်စက်လက်၊ ဝမ်းနည်းပက်လက်ဖြစ်၏။ ဇနီးသည် ပညာတတ်၊ အတ္တပရမမျှ သတိမမူသဖြင့် မိခင်အို၏ ရင်နင့်ဖွယ်စကား နှလုံးသားဝယ် စွဲထင်စေ၏။ အသက် ၈၀ ကျော် အဘွားအို၏ ဘဝလောကဓံ ဖြတ်သန်းမှုနှင့် သတိသမ္မဇဉ်ကို လေးစားကြည်ညိုမိ၏။ သို့ဖြစ်၍ လူတိုင်း၊ လူတိုင်းသည် ပြုပြင်စရာရှိသည်များကို အချိန်မီ ပြန်လည်ပြုပြင်နိုင်မှ အကောင်းဖြစ်လာနိုင်၏။ အဟောင်းကို အဟောင်းတိုင်း ရေရှည်မပြုပြင်ပါက ပျက်စီးခြင်းသို့ ရောက်၏။ စိတ်ညစ်၊ စိတ်ဆိုးများ၊ အကျင့်ဆိုး၊ စရိုက်ဆိုး များသည် လူ့စိတ်သန္တာန်၌ အစဉ်မွေးဖွားထားခြင်းကား မသင့်ပေ။ ထို့ကြောင့် ပြုပြင်ပြောင်းလဲခြင်းဟူသည် လူတိုင်း ပြုလုပ်အပ်သည် ဖြစ်ပေကြောင်း ။ ။