ရန်ကုန် အောက်တိုဘာ ၁၈
မြန်မာနိုင်ငံတွင် နိုင်ငံရေးပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုများကို မြင်တွေ့နေရပြီဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန် သိန္နိဋ္ဌာန်ချထားပြီး တည်ဆောက်ရန်အတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပရန် သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်သည်။
ယနေ့ကာလတွင် ခေတ်စနစ်နှင့်အညီ ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နေရာ အချို့နေရာများတွင် အလွန်အကျွံလွတ်လပ်မှု၊ အလွန်အကျွံပွင့်လင်းမှုများကြောင့် မမြင်သင့်၊ မကြားအပ်သော ဖြစ်စဉ်များ ဖြစ်ပွားလာသည်ကို တွေ့ရသည်။ မမှန်မကန်သတင်းထုတ်လွှင့်ပြီး ပျက်စီးရာပျက်စီးကြောင်း လုပ် ဆောင်ကြသူများလည်း ရှိခဲ့ပေသည်။ လွတ်လပ်ပွင့်လင်းမှုကို ကြိုဆိုသော်လည်း စည်းလွတ်၊ ဝါးလွတ်၊ လွတ်လပ်ပွင့်လင်းမှု၊ လုပ်ချင်ရာလုပ်လိုမှုများ မရှိဖို့လိုမည်ဖြစ်သည်။ အများပြည်သူတို့ လွတ်လပ်စွာ နေထိုင် လှုပ်ရှားမှုကို ခွင့်ပြုထားသော်လည်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေမည့် လှုပ်ရှားမှုများကို ကာကွယ်စောင့်ရှောက်ပေးကြရသည်။ အထူးသဖြင့် ရပ်ရွာအေးချမ်းသာယာမှုနှင့် လူမှုဘဝ လုံခြုံရေးကို ဖျက်ဆီးတတ်သော ဒုစရိုက်မှု၊ မသမာသူအဖျက်သမားများ၏ အန္တရာယ်ကို သတိမူကာ နိုးကြား သော လုံခြုံရေးအသိ အမြဲရှိနေရန် လိုအပ်သည်။
အထူးသဖြင့် ရပ်ရွာအေးချမ်းသာယာမှုနှင့် လူမှုဘဝလုံခြုံရေးကို ဖျက်ဆီးတတ်သော ဒုစရိုက်မှု၊ မသမာမှု များကို မပေါ်ပေါက်စေရန် အကာအကွယ်ပေးခြင်းသည် အားလုံးတွင် တာဝန်ရှိသကဲ့သို့ သက်ဆိုင်ရာတို့တွင် လည်း တာဝန်ရှိပေသည်။ ယခုအခါ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများကို ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက် ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းများ၊ အသွင်အမျိုးမျိုးဖြင့် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြု၍ စည်းရုံးခြင်း၊ ဆူပူမှုဖြစ်အောင် ဖန်တီးခြင်း၊ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားအောင် ကြံဆောင်ခြင်းများ စသည့် တရားမဲ့ပြုကျင့်မှုများကို တွေ့ရှိရကြောင်း သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ယင်းတို့လက်အောက်ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် တရားဥပဒေစိုးမိုးရေးကို အဓိကထားပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၂၇/၂၀၂၀ ဖြင့် ထုတ်ပြန်ထားသည်။
သို့ဖြစ်ရာ ပြည်သူများအနေဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် အဖျက်အမှောင့်များကို ကြိုတင်တားဆီး ကာကွယ် ဖော်ထုတ်နိုင်မည်ဖြစ်ပါကြောင်း ဆိုချင်ပါသည် ။ ။