နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စနစ်တကျ ရှာဖွေကုသစေချင်

အောက်တိုဘာ  ၁၇

ရင်သားကင်ဆာသည် အသက် ၄၀ မှ ၄၉ နှစ်အရွယ် အမျိုးသမီးများတွင် ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာ ကြောင်း အရွယ်ရောက်ပြီးသူ အမျိုးသမီးတိုင်း အသက် ၅၀ အရွယ်အထိ နှစ်နှစ်တစ်ခါ ရင်သားကင်ဆာ စစ်ဆေးမှု ပြုလုပ်သင့်ကြောင်းနှင့် အသက် ၅၀ မှ ၇၅ နှစ်အတွင်း သုံးနှစ်တစ်ခါ၊ နှစ်နှစ်တစ်ခါ စစ်ဆေးသင့်ကြောင်း သုတေသနပညာရှင်များက အသိပေးထားကြောင်း သိရသည်။ ရောဂါ ရှာဖွေခြင်း နည်းလမ်းမျိုးစုံရှိသည့်အနက် ရင်သားကင်ဆာရောဂါရှာဖွေခြင်း ပုံရိပ်ဖော်စက်နည်းပညာဖြင့် ပြည်သူလူထုအခြေပြု ဆောင်ရွက်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ရင်သားကင်ဆာကို စောစီးစွာ ကုသနိုင်ခြင်းဖြင့် နှီးနွှယ်ဖြစ်ပေါ်စေနိုင်သော သားအိမ်ခေါင်းကင်ဆာဖြစ်ပွားစေမှုကို အောင်မြင်စွာ ကုသနိုင်မည်ဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်းအစီအစဉ်တွင် ၁၃ ခုမြောက် ကာကွယ်ဆေးအဖြစ် အိတ်ချ်ပီဗွီကာကွယ်ဆေးကို အောက်တိုဘာ ၂၀ ရက်မှစ၍ Stay at Home အမိန့်ကြေညာ ထားသည့် မြို့နယ်များမှလွဲ၍ စတင်ထိုးနှံပေးသွားမည်ဖြစ်သည်။ အိတ်ချ်ပီဗွီကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်တွင် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာမှ ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသည့် အမျိုးသမီးများကို မွေးစာရင်း (သို့မဟုတ်) ကျောင်းဝင်ခွင့်ကတ် (သို့မဟုတ်) အိမ်ထောင်စုစာရင်း (သို့မဟုတ်) ပုံမှန်/ အစုလိုက် / အပိုဆောင်းကာကွယ်ဆေးထိုးမှတ်တမ်းကတ်များဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး စာရင်းပေးသွင်းကြရမည်ဖြစ်သည်။

ကင်ဆာရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်လာပြီး ကင်ဆာရောဂါကြောင့် လူတစ်ဦးချင်း သာမက ပြည်သူတစ်ရပ်လုံး၏ လူမှုဆုံးရှုံးမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။ နှစ်စဉ် အာဆီယံနိုင်ငံများအတွင်း လူပေါင်း ခုနစ်သိန်းခန့် ရောဂါဝေဒနာခံစားလျက်ရှိပြီး ရောဂါဖြစ်ပွားမှုများလည်း တိုးလျက်ရှိကြောင်း၊ ရင်သား ကင်ဆာသည် အမျိုးသမီးထုအတွင်း သေဆုံးမှုအများဆုံးဖြစ်ကာ ကင်ဆာဝေဒနာရှင် အမျိုးသမီးများ၏ ၂၂ ရာခိုင်နှုန်းသည် ရင်သားကင်ဆာရောဂါခံစားနေရသူများဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ချက် များအရ သိရသည်။ ကင်ဆာရောဂါမဖြစ်ပေါ်စေရန်အတွက် အဝမလွန်စေခြင်း၊ အဆီနှင့် ဆီများ လျှော့စားခြင်း၊ အမျှင်များသော အသီးအနှံ၊ အရွက်နှင့် ဆပ်၊ ဂျုံနှင့် ပြောင်းစားသုံးခြင်း၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီစိမ်းထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်များစားသုံးခြင်း၊ ကွမ်းနှင့် ဆေးလိပ်၊ အရက်သေစာသောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဆားဖြင့်စိမ်ထားသော အစာများ၊  ကျပ်တင်ထားသော အစာများ၊ ယမ်းစိမ်းဖြင့်ပြုပြင်ထားသောအစာများ နှင့် အချဉ်၊ သနပ်များ အလွန်အကျွံစားခြင်းမှ ရှောင်ရန်နှင့် လေ့ကျင့်ခန်းမှန်မှန်လုပ်ရန်တို့ လိုအပ်သည်။
ကင်ဆာရောဂါရှာဖွေကုသရေးလုပ်ငန်းများကို တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများထံ ပြသ၍ စနစ်တကျ ရောဂါရှာဖွေကုသခြင်းဖြင့် လူမှုဆုံးရှုံးမှုဘဝများမှ ကင်းလွတ်စေချင်ကြောင်း . . . . . ။            ။






အခြားဆက်စပ်သတင်းများ