နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံထံမှ ရောဂါအမြန်စစ်ဆေးရေးကိရိယာ ၅၀၀၀၀၀ မှာယူထားမှုကို အိန္ဒိယနိုင်ငံ ဖျက်သိမ်း

ဧပြီ  ၂၈၊ နယူးဒေလီ

လက်တွေ့အသုံးပြုချိန်တွင် လွဲမှားမှု တွေ့ရှိခဲ့ပြီးနောက် အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံထံမှ  ရောဂါအမြန် စစ်ဆေးရေး ကိရိယာ ၅၀၀၀၀၀ မှာယူထားမှုကို ဖျက်သိမ်းလိုက်သည်။ ပြည်နယ်အများအပြားတွင် အသုံးပြု နေသည့် အဆိုပါကိရိယာများကိုလည်း အိန္ဒိယအစိုးရက ပြန်လည်သိမ်းဆည်းခဲ့သည်။ အဆိုပါကိရိယာများမှာ သွေးအတွင်းမှ ပဋိဇီဝပစ္စည်းကို စစ်ဆေးပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ/မရှိ ဆုံးဖြတ်နိုင်မည်ဟု ဆိုသည်။ ယင်းကဲ့သို့ စစ်ဆေးနိုင်ရန် မိနစ် ၃၀ သာ အချိန်ကြာမြင့်မည့်အတွက် အာဏာပိုင်များအနေဖြင့် တည်နေရာတစ်ခု၏ ရောဂါကူးစက်မှု အတိုင်းအတာကို အချိန်တိုအတွင်း နားလည်နိုင်မည်ဖြစ်သည်။

သို့သော် ရောဂါရှာဖွေစစ်ဆေးရန် အဆိုပါကိရိယာများ အသုံးပြုမှုအတွက် စိုးရိမ်ပူပန်မိသည်ဟု သိပ္ပံပညာရှင် အများအပြားက ပြောခဲ့ဖူးသည်။ ရောဂါအမြန်စစ်ဆေးရေးကိရိယာများတွင် လွဲမှားမှုရှိနေသည်ဆိုသည့် အိန္ဒိယနိုင်ငံ၏ ပြောကြားချက်ကို တရုတ်နိုင်ငံက ပယ်ချခဲ့သည်။
''တရုတ်နိုင်ငံကနေ တင်ပို့တဲ့ ဆေးဝါးပစ္စည်းတွေမှာ အရည်အသွေးကို အဓိကဦးစားပေးပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းတွေက လွဲမှားနေတယ်လို့ တံဆိပ်ကပ်တာက မမျှတပါဘူး။ လက်လွတ်စပယ် နိုင်ပါတယ်။ နဂိုရှိရင်းစွဲအမြင်မကြည်လင်မှုနဲ့ ဆုံးဖြတ်ရာရောက်ပါတယ်''ဟု တရုတ်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဂျီရွန်က ပြောသည်။

အိန္ဒိယနိုင်ငံတွင် လုံလောက်သည့် စစ်ဆေးမှု မလုပ်နိုင်မည်ကို စိုးရိမ်ပူပန်လျက်ရှိရာ ပြည်နယ်အများအပြားက ရောဂါအမြန်စစ်ဆေးရေးကိရိယာများကို အသုံးပြုခွင့်ပေးရန် အိန္ဒိယဆေးသုတေသနကောင်စီ(ICMR)ကို တွန်းအားပေးခဲ့သည်။ အစောပိုင်းတွင် ICMR က တွန့်ဆုတ်နေခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်ကုမ္ပဏီ နှစ်ခုထံမှ စစ်ဆေးရေးကိရိယာများ တင်သွင်းခွင့်ပေးခဲ့သည်။ သို့သော် ရောဂါအမြန်စစ်ဆေးရေးကိရိယာများမှာ ၅ ရာခိုင်နှုန်းသာ မှန်ကန်မှုရှိသည်ဟု ပြည်နယ်များက စောဒကတက်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများကို စမ်းသပ်စစ်ဆေးချိန်တွင် ဗိုင်းရပ်စ်မရှိဟု အဖြေထွက်ခဲ့ကြောင်း တွေ့ရသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ