နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာလူးကြော်ပိုမိုစားသုံးကြရန် ဘယ်လ်ဂျီယံနိုင်ငံသားများကို တိုက်တွန်း

ဧပြီ  ၂၈၊ ဘရပ်ဆဲလ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့ခံထားရသည့် ယခုကာလတွင် ဘယ်လ်ဂျီယံနိုင်ငံသားများ အနေဖြင့် ယခင်ထက်ပို၍ အာလူးကြော် စားကြရန် ဘယ်လ်ဂျီယံနိုင်ငံ၏ အာလူးစိုက် တောင်သူများက တိုက်တွန်းထား သည်။
 
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပို့ကုန်ကဏ္ဍ ပြိုလဲသွားချိန်တွင် ပြည်တွင်းအာလူးစားသုံးမှု မြင့်တက်လာရေးက အာလူးစိုက်တောင်သူများအတွက် သေရေးရှင်ရေးဖြစ်နေသည်ဟု အာလူးစိုက်တောင်သူများသမဂ္ဂ (Belgapom)၏ ပြောရေးဆိုခွင့်ရှိသူ ရိုမန်းကူးလ်က ပြောသည်။

ပို့ကုန်ကဏ္ဍ ပြိုလဲသွားပြီး အော်ဒါမရှိခြင်းကြောင့် ဘယ်လ်ဂျီယံနိုင်ငံ၏ ဂိုဒေါင်များတွင် သိုလှောင်ထားရသည့် အာလူးတန်ချိန် ၇၅၀၀၀၀ နီးပါး ရှိနေသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ရက်သတ္တပတ်လျှင် တစ်ကြိမ် အာလူး ကြော်စားကြမည့်အစား ရက်သတ္တပတ်လျှင် နှစ်ကြိမ်တိုင်တိုင် အာလူးကြော်စားကြရန် ရိုမန်းကူးလ်က တိုက်တွန်းထားသည်။

မတ်လလယ်ကတည်းက ဘယ်လ်ဂျီယံနိုင်ငံတွင် စားသောက်ဆိုင်များနှင့် ဈေးများ ပိတ်လိုက်ခြင်းကြောင့် အာလူးစိုက်တောင်သူများ အခက်တွေ့ခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံ၏ ပွဲတော်များကိုပါ ဖျက်သိမ်းခဲ့၍ တောင်သူများ ပိုမိုအခက်တွေ့ခဲ့ကြသည်။ ဘယ်လ်ဂျီယံနိုင်ငံမှာ ပုံမှန်အားဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံ ၁၀၀ ကျော်ကို နှစ်စဉ်နှစ်တိုင်း အာလူးတန်ချိန် ၁.၅ သန်း တင်ပို့နေသည့် နိုင်ငံဖြစ်သည်။      

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ