နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက္ကဆီကိုကာကွယ်ရေးဝန်ကြီးဟောင်းကို မူးယစ်ဆေးဝါးကုန်ကူးမှုဖြင့် အမေရိကန်နိုင်ငံတွင် ဖမ်းဆီး

အောက်တိုဘာ ၁၇၊ မက္ကဆီကိုစီးတီး

မက္ကဆီကိုကာကွယ်ရေးဝန်ကြီးဟောင်းကို တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း မူးယစ်ဆေးဝါး ကုန်ကူးမှု၊ ငွေကြေးခဝါချမှုစွဲချက်များဖြင့် ဖမ်းဆီးထားကြောင်း အမေရိကန်အစိုးရရှေ့နေများက ပြောသည်။ မက္ကဆီကိုကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆီအန်ဖူဂိုကို ပြီးခဲ့သည့်ကြာသပတေးနေ့က လော့စ်အိန်ဂျလိစ်လေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ပြီးခဲ့သည့်သောကြာနေ့က ကယ်လီဖိုးနီးယားပြည်နယ်တွင် စွဲချက် ၄ ခုဖြင့် ရုံးထုတ်စစ်ဆေးခဲ့သည်။ ဆီအန်ဖူဂိုကို စွဲဆိုထားသည့် စွဲချက်များတွင် အမေရိကန်နိုင်ငံသို့ ဘိန်းဖြူ၊ ကိုကင်း၊ မက်သမ်ဖီတာမင်း၊ ဆေးခြောက်များ ဖြန့်ဖြူးရန် ပူးပေါင်းကြံစည်သည်ဆိုသော စွဲချက်များ ပါဝင်သည်။

ခေါင်းကိုင်ဖခင်ဟု လူသိများသည့် ဆီအန်ဖူဂိုသည် အလွန်ဆိုးရွားသည့် မက္ကဆီကို မူးယစ်ဆေးဝါးဂိုဏ်း H-2 က အမေရိကန်နိုင်ငံသို့ မူးယစ်ဆေးဝါးများ ခိုးသွင်းနိုင်ရန် ကူညီပေးခဲ့သည်ဟု အစိုးရရှေ့နေများက စွပ်စွဲထားသည်။ ဆီအန်ဖူဂိုနှင့် H-2 ဂိုဏ်း ထိပ်တန်းခေါင်းဆောင်တို့ကြား ဆက်သွယ်ထားသည့် သက်သေအထောက်အထားများ ရရှိထားသည်ဟု အစိုးရရှေ့နေများက ပြောသည်။ ဆီအန်ဖူဂိုမှာ လေယာဉ်စီးဖြင့် ထွက်ပြေးသွားနိုင်ခြေရှိခြင်းကြောင့် ရုံးတင်စစ်ဆေးနေစဉ်ကာလတစ်လျှောက် ယင်းကို ဖမ်းဆီးထိန်းသိမ်းထားရန် အစိုးရရှေ့နေများက တောင်းဆိုထားသည်။ ဆီအန်ဖူဂိုအနေဖြင့် အပြစ်ရှိ ကြောင်း စီရင်ချက်ချမှတ်ခံရပါက ထောင်ဒဏ် ၁၀ နှစ်အထက် ချမှတ်ခံရမည်ဟု အစိုးရရှေ့နေများက ပြောသည်။ မက္ကဆီကိုနိုင်ငံ၏ အဓိကပြဿနာမှာ အကျင့်ပျက်ခြစားမှုဖြစ်သည်ဆိုခြင်းကို ဆီအန်ဖူဂို ဖမ်းဆီးခံရသည့်ဖြစ်ရပ်က မီးမောင်းထိုးပြနေသည်ဟု မက္ကဆီကိုသမ္မတ အိုဘရာဒေါက ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ