နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ့်နိုင်ငံတွင်းမှ အလှူရှင်များ၏ ပံ့ပိုးမှုမျိုးသည် ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံတွင်မှမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ရန်ကုန် ဧပြီ ၂၈ မြန်မာနိုင်ငံအတွက် အားအရဆုံးကိစ္စသည် ကိုယ့်နိုင်ငံတွင်းမှ အလှူရှင်များ၏ ပံ့ပိုးကူညီမှုများဖြစ် ပြီး ယင်းပံ့ပိုးမှုမျိုးသည် ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံတွင်မှမရှိဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် COVID-19 အတည်ပြုလူနာတို့ အပြန်အလှန်ဆွေးနွေးပွဲ အစီအစဉ်ကိုဧပြီ ၂၈ ရက်၊ နံနက် ၁၀ နာရီက အတိုင်ပင်ခံပုဂ္ဂိုလ်၏ Facebook စာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ ယင်းဆွေးနွေးပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ''ပြည်သူတွေက တတ်နိုင်သလောက် ဝိုင်းဝန်းကူညီကြတယ်။ ချမ်းသာကြွယ်ဝတဲ့သူတွေက ချမ်းသာတဲ့ အလျောက်၊ ချမ်းသာကြွယ်ဝမှု သိပ်မရှိတဲ့သူတွေကလည်း လှူနိုင်သလောက် လှူကြတယ်။ အဲဒါဟာ ဒီတိုင်းပြည်ရဲ့ အင်အားပဲ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ယခုကဲ့သို့ ဆွေးနွေးပွဲအစီအစဉ်များ ပြုလုပ်ရာတွင် ပြည်သူများ၏ ဆွေးနွေးမှုများက အများကြီး ထိရောက်မှုရှိသည့်အပြင် အခြားသူများက အခြေအနေများကို ပိုမိုနားလည်ပြီး မည်သည့်ဘက်မှ ကူညီနိုင် မလဲဆိုသည်ကို စဉ်းစားလာကြခြင်းဖြစ်သည်ဟုလည်း ယင်းက ပြောသည်။ ထို့ပြင် ပြည်သူများနှင့်ဆွေးနွေးလျက်ရှိစဉ်တွင်ပင် အခက်အခဲများကို ဝိုင်းဝန်းကူညီလှူဒါန်းချင်သူများက နေမဝင်ခင် ချက်ချင်းပေါ်လာတတ်သည့်အတွက် မြန်မာနိုင်ငံသည် စေတနာအရ နေမဝင်သော အင်ပါယာဟုလည်း ဒေါ်အောင်ဆန်းစုကြည်က တင်စားပြောဆိုထားသည်။ မြန်မာနိုင်ငံသည် ချမ်းသာသောနိုင်ငံမဟုတ်သည့်အတွက် နိုင်ငံတော်ကို ပြည်သူများက ဝိုင်းဝန်းကူညီ ခြင်းသည် အင်အားဖြစ်သည့်အပြင် အမှန်တကယ်လည်း လိုအပ်သည့်အတွက် အလှူရှင်များ၏ အင်အား ကလည်းအင်မတန်မှ အရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ