နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်တင်ကားခများ နှစ်ဆကျော် မြင့်တက်သည့်အတွက် ကုန်စိမ်းစျေးများသို့ ကားအဝင်နည်းပါးလာ

ရန်ကုန် အောက်တိုဘာ ၁၆ 


COVID-19 ကာလအတွင်း ရှမ်းပြည်နယ်မှ ရန်ကုန်သို့ ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင် ကုန်တင်ကားခများ နှစ်ဆကျော် မြင့်တက်နေသည့်အတွက် ကုန်စိမ်းစျေးများသို့ ကုန်ကားအဝင်နည်းပါး လာကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချ သူများအသင်းမှသိရသည်။

ကုန်တင်ကားခများမှာ ယခင်က ခြောက်သိန်း၊ ခြောက်သိန်းခွဲခန့်သာ ရှိသော်လည်း ယခုအခါ ၁၆ သိန်း အထိ ဖြစ်ပေါ်နေပြီး ထိုသို့ ကုန်တင် ကားခများ နှစ်ဆ ကျော် မြှင့်တက်နေသော ကြောင့် ယခုရက်ပိုင်းတွင် သီရိမင်္ဂလာဈေးသို့ ကုန်တင်ကားအဝင်မှာ အစီးရေ ၂၀ နှင့် ၃၀ ကြားသာရှိကြောင်း သိရသည်။

"ကုန်တင်ကားခ ဈေးနှုန်း နဂိုတုန်းက ခြောက်သိန်း၊ ခြောက်သိန်းခွဲဆိုရင် တင်လို့ရတယ်။ အခုဟာ ကတော့ ဈေးကတော့ မျိုးစုံပဲ။ ပါးစပ်ဈေးကို ဖြစ်နေတာ။ သီရိမင်္ဂလာဈေး အဝင်ကတော့ ဒီရက်ပိုင်းမှာ ကားအစီးရေ ၂၀ ကျော်ပဲ ဝင်တယ်။ ကိုဗစ်မဖြစ်ခင် ပထမတစ်ခေါက်ဖြစ်တာနဲ့ ဒုတိယတစ်ခေါက်ကြားမှာတော့ အခြေအနေ ပြန်ကောင်းတဲ့အချိန်မှာ ကားအစီးရေက ရာဂဏန်း ဝင်တယ်"ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးကျော်သူ က ပြောသည်။

လက်ရှိ ရှမ်းပြည်နယ်မှ ထွက်ရှိသော ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ငရုတ်ပွ၊ ခရမ်းသီး၊ အာလူး၊ ကြက်သွန် စသည့် ကုန်များ ထွက်ရှိနေသော်လည်း ကုန်တင်ခများ မြှင့်တက်သည့်အပြင် သယ်ယူ ပို့ဆောင်ရေး မချောမွေ့ခြင်းတို့ကြောင့် လိုသလောက် မတင်ပို့နိုင်ဘဲ ကုန်စည်များ စားသုံးသူ လက်ထဲရောက်ရှိပါက ဈေးမြှင့်တက်မှု များ ဖြစ်ပေါ်နေကြောင်း သိရသည်။

လက်ရှိ ရှမ်းပြည်နယ် စိုက်ခင်းထဲတွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်သုံးရာသာ ရှိသော်လည်း ရန်ကုန်ရှိ မြို့နယ်နှင့် ရပ်ကွက် ရောင်းဈေးတွင် တစ်ပိဿာလျှင် ကျပ်သုံးထောင်ရှိပြီး အလားတူ စိုက်ခင်းထဲတွင် ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် လေးရာခန့် သာရှိသော်လည်း ရန်ကုန်ရောင်းဈေးတွင် တစ်ထုပ်လျှင် တစ်ထောင့်ငါးရာကျပ် နှင့် စိုက်ခင်းထဲတွင် ပန်းဂေါ်ဖီ တစ်ထုပ်လျှင် ကျပ် တစ်ရာ့ငါးဆယ်သာ ရှိသော်လည်း ရန်ကုန် ရောင်းဈေးတွင် တစ်ထုပ်လျှင် တစ်ထောင်ကျပ် ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်သည် ရန်ကုန်မြို့အတွက် အခြေခံစားသောက်ကုန် ၅ ပုံ ၁ ပုံနီးပါး တင်ပို့နေသည့်  ပြည်နယ်တစ်ခုလည်းဖြစ်သည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ