အောက်တိုဘာ ၁၆၊ ဘန်ကောက်
ထိုင်းအစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာချက်၊ ဆန္ဒပြပွဲကျင်းပခွင့် ပိတ်ပင်သည့် အမိန့်ဒီကရီ ထုတ်ပြချက်များကို ဆန့်ကျင်ပြီး ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူသောင်းချီက ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့တွင် စုဝေးခဲ့ကြသည်။ ပြီးခဲ့သည့်ကြာသပတေးနေ့တွင် ဆန္ဒပြသူများက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ည ၆ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရအမိန့်ကို အချိန်တော်တော်ကျော်လွန်ပြီးမှ လူစုခွဲခဲ့ကြသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့အစောပိုင်းက ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ဖြိုခွင်းချိန်တွင် ဖမ်းဆီးခံရသည့် တက်ကြွလှုပ်ရှားသူ အနည်းဆုံး အယောက် ၂၀ ကို ပြန်လွှတ်ပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြသူများက စည်းလုံးညီညွတ်ရေးနှင့် အမိန့်ဖီဆန်ရေး သင်္ကေတအဖြစ် လက်သုံးချောင်းထောင်ပြီး အလေးပြုခဲ့ကြသည်။
ဘန်ကောက်မြို့ ရာချာပရာဆောင်လမ်းဆုံမှ ငြိမ်းချမ်းစွာ လူစုခွဲခဲ့သည့် ဆန္ဒပြသူများက သောကြာနေ့ ဒေသစံတော်ချိန် ၅ နာရီအချိန်တွင် ယခုနေရာသို့ ပြန်လာပြီး ဆန္ဒပြမည်ဟု ဆိုကြသည်။ ယခုတစ်ပတ်အတွင်း ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများမှာ ထိုင်းနိုင်ငံအတွင်း ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း ရှိနေစဉ် ပေါ်ပေါက်ခဲ့သည့် ပထမဆုံးဆန္ဒပြပွဲ ဖြစ်သည်။
ပြည်ပတွင် အနေများသည့် မဟာဝဇီရာလောင်ကွန်းဟာ လွန်ခဲ့သည့်ရက်သတ္တပတ်အတော်ကြာကတည်းက ဂျာမနီနိုင်ငံမှ ပြန်လာခဲ့ခြင်းဖြစ်သည်။ ၃ လကျော် ကြာမြင့်နေသည့် ဆန္ဒပြပွဲများကို အဆုံးသတ်နိုင်ရန် ပြီးခဲ့သည့် ကြာသပတေးနေ့ နံနက်ပိုင်းတွင် ထိုင်းအစိုးရက လူ ၄ ယောက်ထက် ပိုမိုစုဝေးခွင့်ကို ပိတ်ပင်သည့် အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ခဲ့ပြီး ဆန္ဒပြသူ ၂၀ ကို ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူများတွင် လူ့အခွင့်အရေးရှေ့နေ အေနွန်နမ်ပါ၊ ပင်ဂွင်းဟု လူသိများသည့် ကျောင်းသားလှုပ်ရှားသူ ပါရဏ်ချီဝါရက်တို့ အပါအဝင် အဓိကကျသည့် ဆန္ဒပြခေါင်းဆောင်များ ပါဝင်ခဲ့သည်။ ယခုရက်သတ္တပတ်အတွင်း ဖမ်းဆီးခံရတဲ့ ဆန္ဒပြသူ ၄၀ အထိ ရှိလာခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
Ref:BBC(KNT)