အောက်တိုဘာ ၁၅
လူငယ်ဟူသည် တက်ကြွ၏။ ရွှင်လန်း၏။ ဖျတ်လတ်၏။ ဉာဏ်ပညာထက်မြက်၏။ ထို့ကြောင့် လူငယ် တို့သည် အနာဂတ်၏ပန်းကောင်းအညွန့်များဟု တင်စားခေါ်ဆိုကြသည်။ လူငယ်တို့သည် လူငယ်ဘဝ ဉာဏ်ပညာထက်မြက်ရေးကို ဆောင်ရွက်ကြသကဲ့သို့ အပျော်အပါးများကိုလည်း နှစ်သက်မက်မောတတ်ကြ၏။ အပျော်အပါးကို ဆင်ခြင်တုံတရားထား၍ အတိုင်းအတာအကန့်အသတ်ဖြင့် ပျော်ပါးကြဖို့သာဖြစ်သည်။ အဆိုးရွားဆုံးမှာ အပျော်အပါးနောက် လမ်းမှားလိုက်မိကြသည့် လူငယ်လူရွယ်များဖြစ်သည်။ အချို့လူငယ် လူရွယ်တို့မှာ ငွေကြေးတတ်နိုင်ခြင်း၊ မိဘအုပ်ထိန်းသူတို့တာဝန်မဲ့မှုနှင့် ကာယကံရှင်ကိုယ်တိုင် သတိလက်လွတ် သားကောင်ဖြစ်သွားရသည်။ လမ်းမှားသို့ လွဲမှားစွာ လျှောက်လှမ်းနေသည်ကို နှမြောတသဖြစ်ရပါသည်။
ယခုရက်ပိုင်းအတွင်း သတင်းစာမျက်နှာများပေါ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများ တွေ့မြင်နေရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၂ ရက်က ရွှေကူမြို့နယ်၊ တောင်ကုန်းကျေးရွာအနီးတွင်လည်းကောင်း၊ မူဆယ်လားရှိုးသွားကားလမ်း၊ မိုင်းယုကျေးရွာ တိုးဂိတ်အနီးတွင်လည်းကောင်း၊ မိုးမိတ်မြို့နယ်၊ မိုးမိတ်-မိုးကုတ်သွားကားလမ်း မိုင်တိုင် ၂၅/၅ တွင် လည်းကောင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည်။ ကျိုင်းတုံမြို့နယ် တောင်ကြီး-ကျိုင်းတုံသွားလမ်း ကျိုင်းမောင်းကျေးရွာအနီး COVID-19 စစ်ဆေးရေးစခန်းတွင် မိုင်းပျဉ်းမှ ကျိုင်းတုံဘက် ဖြတ်သန်းမောင်းနှင် သော မော်တော်ယာဉ်မှာ ငွေကျပ် ၁ ဒသမ ၆၆၄၂၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့သည်။ အလားတူ အောက်တိုဘာ ၁၃ ရက်တွင် ကျေးသီးမြို့နယ်၊ မိုင်းနောင်မိုင်းနှင်းသွားကားလမ်းပေါ်၌ ရပ်တန့်ထား သည့် ဆီဘောက်ဆာယာဉ်ပေါ်တွင် ၁ ကီလိုဂရမ်ခန့်စီပါ အိုက်စ်မူးယစ်ဆေးဝါး အထုပ် ၁၈၀၀၊ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၃၆၀၀၀၀ ကိုလည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။
နယ်စပ်မှဝင်ရောက်လာသော မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများသည် လူငယ်ထု ဖြစ်သော အသက် ၁၈ နှစ် ၃၅ နှစ်အတွင်း စိမ့်ဝင်ပျံ့နှံ့လျက်ရှိပြီဟု ဆိုရပေမည်။ လူငယ်ထု အများဆုံးသွားလာရာ အပျော်အပါးများနောက်တွင် အဖော်သဟဲအဖြစ် ပူးတွဲပါဝင်လာတတ်သည့် မူးယစ်ဆေးဝါးသည် ငွေကြေးတတ်နိုင်သူများသာမက လူငယ်ထုအတွင်း စိမ့်ဝင်နေသည်မှာ ရင်လေးဖွယ်အခြေအနေပင်ဖြစ်သည်။ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို သယ်ဆောင်ရေးချဖြန့်ဖြူးမှုသည် ကြောက်ခမန်းလိလိ တွေ့မြင်နေရရာ ငွေကြေး အရင်းအနှီးများပြားမှုက အံ့ဩဖွယ်ရာအခြေအနေတွင်ရှိနေသည်။
အနာဂတ်မျိုးဆက်သစ်များ အညွန့်တလူလူဖြင့် ဆက်လက်ထွန်းတောက်စေရန်၊ လူငယ်လူရွယ်များ လမ်းမှားသို့မရောက်ရှိစေရေး ကျွန်ုပ်တို့အားလုံး ဝိုင်းဝန်းတားဆီး ကာကွယ်စောင့်ရှောက်ကြရမည်ဟု ဆိုချင်ပါကြောင်း . . . . . ။ ။