နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရခိုင်ပြည်နယ် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကြက်သွန်နီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လစဉ် တင်ပို့ရောင်းချ

ရန်ကုန် ဧပြီ ၂၈ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကြက်သွန်နီစားသုံးမှုမြင့်တက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်နေသဖြင့် ပြည်တွင်း တွင် ကြက်သွန်နီများကို အများအပြား စိုက်ပျိုးထုတ်လုပ်လျက်ရှိသော်လည်း ပြည်တွင်းစားသုံးမှုမြင့်တက် နေသဖြင့် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံမှ ကြက်သွန်နီများကို နှစ်စဉ်ဝယ်ယူတင်သွင်းနေခဲ့ရသည်။ ထိုသို့ ဝယ်ယူ တင်သွင်းရာတွင် နယ်စပ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှ အများဆုံး ဝယ်ယူ နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ အနည်းငယ်မျှသာ ဝယ်ယူနေခြင်းဖြစ်သည်။ သို့သော် လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်က အိန္ဒိယနိုင်ငံတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီ ထွက်ရှိမှုများ လျော့ကျလာခဲ့သည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံအနေနှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်နီတင်သွင်းမှုများကို ရပ်ဆိုင်းခဲ့သည်။ ဘင်္ဂလားဒေရှ်နိုင်ငံအနေနှင့် အိန္ဒယနိုင်ငံမှ ကြက်သွန်နီများကို မရရှိနိုင်တော့ သဖြင့် မြန်မာနိုင်ငံမှ ကြက်သွန်နီများကိုသာ တင်သွင်းဝယ်ယူ နေရသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ကြက်သွန်နီများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ စတင်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လစဉ်တင်ပို့ရောင်းချပေးနေခဲ့ရကြောင်း သိရသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လစဉ် ကြက်သွန်နီ တင်ပို့ရောင်းချပေးနေရသည့် အခြေအနေများမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန သတင်းများအရ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၆၆ သန်း တန်ဖိုးရှိ ကြက်သွန်နီ ၁၁ ဒသမ ၇၅၀ ကီလို၊ နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ဝ၃၀ သိန်း တန်ဖိုးရှိ ကြက်သွန်နီ ၁၀ ဒသမ ၇၄၅ ကီလို၊ ဒီဇင်ဘာလတွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၀၂ သိန်း တန်ဖိုးရှိ ကြက်သွန်ဖြူ ၇ ဒသမ ၆၁၆ ကီလို တင်ပို့ရောင်းချပေးခဲ့ရကြောင်း သိရသည်။ ထို့အတူ ယခု ၂၀၂၀ ပြည့်နှစ်တွင်လည်း ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၁၆ သိန်း တန်ဖိုးရှိ ကြက်သွန်နီ ၁၂ ဒသမ ဝ၂၉ ကီလို၊ ဖေဖော်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၅၅ သိန်း တန်ဖိုးရှိ ကြက်သွန်နီ ၁၇ ဒသမ ၁၂၃ ကီလို တင်ပို့ရောင်းချပေးခဲ့ရသည်။ လွန်ခဲ့သည့် မတ်လအတွင်းတွင်လည်း မတ်လ ၁ ရက်မှ မတ်လ ၂၀ ရက်အထိ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁၅၄ သိန်း တန်ဖိုးရှိ ကြက်သွန်နီ ၂၀ ဒသမ ၆၆၆ ကီလို တင်ပို့ရောင်းချပေးခဲ့ရကြောင်း သိရသည်။ အိန္ဒိယနိုင်ငံအနေနှင့် ယခု ၂၀၂၀ ပြည့်နှစ်တွင် ရာသီဥတုများ ပြန်လည်ကောင်းမွန်လာကာ ကြက်သွန်နီ ထွက်ရှိမှုမှာလည်း တိုးတက်လာနေသဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်တွင် ဘင်္ဂလားဒေရှ်နိုင်ငံသို့ ကြက်သွန်နီများကို ပြန်လည်တင်ပို့ခွင့်ပြုပေးခဲ့သည်။ အိန္ဒိယနိုင်ငံမှ ကြက်သွန်နီများ ပြန်လည်တင်ပို့ခွင့်ပြုပေး ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကြက်သွန်နီကုန်သည်များအနေနှင့် မြန်မာနိုင်ငံနှင့်အဆက်အသွယ်များရရှိ နေပြီဖြစ်သဖြင့် မြန်မာနိုင်ငံမှ ကြက်သွန်နီများကိုပင် ဆက်လက်ဝယ်ယူမှုရှိနေကြောင်း သိရသည်။ (ကိုသစ္စာလှိုင်)






အခြားဆက်စပ်သတင်းများ