နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ်အတွင်း ဈေးကားများဖြင့် အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးလျက်ရှိ

ရန်ကုန် ဧပြီ ၂၇ နေအိမ်တွင် နေထိုင်ရေး(Stay at Home)အစီအစဉ်တွင် ပါ၀င်သော တောင်ဥက္ကလာပမြို့နယ် အတွင်းရှိ ပြည်သူများ စားသောက်မှု အဆင်ပြေစေရန် ရည်ရွယ်၍ မြို့နယ်အတွင်း ရပ်ကွက်များသို့ လှည့်လည်ကာ ဈေးကားများဖြင့် ဟင်းသီးရွက်နှင့် အသားငါးများကို အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးလျက်ရှိကြောင်း တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ "ပြည်သူတွေ အိမ်မှာနေရမယ့် ကာလဖြစ်တဲ့အတွက်ကြောင့် အိမ်မှာလည်းနေလို့ရအောင်၊ ဈေးထဲက ဈေးသည်တွေလည်း အရောင်းအ၀ယ်မပျက်ရအောင် စီစဉ်တဲ့သဘောပါ၊ မိမိအိမ်မှာနေပြီးတော့ ဈေးသက်သက်သာသာနဲ့ လိုအပ်တဲ့ ဟင်းသီးဟင်းရွက်အသားငါးတွေကို ၀ယ်ယူနိုင်မယ်၊ အဓိကကတော့ အိမ်ထဲမှာ နေထိုင်တဲ့သူ ပိုများစေချင်တယ်၊ ဈေးထဲကိုလာတဲ့ လူဦးရေလျော့ချချင်တဲ့အတွက်ကြောင့် ဒီအစီအစဉ်ကို ကျွန်တော်တို့က ဆွဲထားတာပါ"ဟု တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇေယျာ၀င်းက ပြောသည်။ ထိုသို့ရောင်းချမှုအစီအစဉ်ကို တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီက ဦးဆောင်၍ အဆိုပါမြို့နယ်အတွင်း ဈေးရောင်းချသည့် ဈေးသူဈေးသားများ ပူးပေါင်းပါ၀င်ဆောင်ရွက်သော အစီအစဉ်ဖြစ်ပြီး ယင်းသို့ရောင်းချမှုကို ဧပြီ ၂၃ ရက်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းသို့ရောင်းချရာတွင် ဓာတုကင်းလွတ်သည့် ဟင်းသီးဟင်းရွက်မျိုးစုံ၊ ကြက်သား၊ ၀က်သား၊ ငါး၊ ပုဇွန်၊ ဆိတ်သား၊ အမဲသား စသည့် အသားငါးမျိုးစုံပါ၀င်သည့် ကားများဖြင့် တစ်ရပ်ကွက်လျှင် ပျမ်းမျှ ကား ၈ စီးနှုန်းနှင့် တစ်ရက်ကို ရပ်ကွက် ၆ ရပ်ကွက်နှုန်းအထိ နံနက် ၆ နာရီခွဲမှ ၁၀ နာရီအတွင်း လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။ "ဈေးနှုန်းကိုလည်း ဈေးထဲမှာ၀ယ်လို့ ၁၀၀၀ ကျရင် ကျွန်တော်တို့ဆီမှာ လာ၀ယ်ရင် ၈၀၀ လောက်နဲ့ ဈေးနှုန်း သက်သာအောင် ရောင်းပေးတယ်၊ အခုဆိုရင် တော်တော်များက ကျွန်တော်တို့ ဈေးကားကို မျှော်ပါတယ်၊ မနက်ဖြန်ဆိုရင် ဘယ်ရပ်ကွက်တွေ ဘယ်လမ်းတွေ၀င်မယ်ဆိုတာကို ကြိုတင်ကြော်ငြာတယ်၊ အဲဒီအခါကျရင် ၀ယ်ယူသူတွေက အဆင်သင့်စောင့်နေရုံပဲ ကားပေါ်မှာပါတဲ့ပစ္စည်း အားလုံးကုန်ပါတယ်၊ ပြည်သူတွေကလည်း လိုက်နာမှုအားကောင်းကြပါတယ်"ဟု ဦးကျော်ဇေယျာ၀င်းက ပြောသည်။ တောင်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်နှင့် ဈေး ၁၀ ဈေးရှိပြီး အဆိုပါ ဈေးများ၌ ရောင်းချနေသည့် ဈေးသူဈေးသားများက ဈေးကားများဖြင့် ဟင်းသီးရွက်နှင့် အသားငါးများကို အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးသည့် အစီအစဉ်တွင် စည်ပင်သာယာရေးကော်မတီနှင့်အတူ ပူးပေါင်း ပါ၀င်ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။ မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ