ရန်ကုန် ဧပြီ ၂၇ Covid-19 ရောဂါ ထိန်းချုပ်ရေးအတွက် ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့်ကို ထပ်မံတိုးမြှင့် လိုက်သည့်အတွက် ယင်းကာလများတွင် ရန်ကုန်အခြေပြုပြေးဆွဲလျက်ရှိသော အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲခြင်းကို ရပ်နားဖွယ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ သိရသည်။ ရန်ကုန်တိုင်းတွင် Covid-19 ကူးစက်သူများပြားလာ၍ ည ၁၀ နာရီမှစ၍ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပြီး ယင်းကို ရန်ကုန်တိုင်းတွင်သာမက အခြားသောတိုင်းနှင့်ပြည်နယ်များတွင်ပါ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လတ်တလောအခြေအနေအရ ယင်းအမိန့်ကို နှစ်လတာထပ်မံတိုးမြှင့်လိုက်ရာ အဝေးပြေးယာဉ်လိုင်းများအနေဖြင့် ယာဉ်ပြေးဆွဲမှုများ လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအခြေပြုပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းပေါင်း ၁၆၄ လိုင်း၊ယာဉ်စီးရေ ၁၆၅၁ စီးရှိကာ အခြားတိုင်းနှင့်ပြည်နယ်အသီးသီးတွင် ပြေးဆွဲနေသည့်ယာဉ်လိုင်းပေါင်း ၁၇၅ လိုင်း၊ ယာဉ်စီးရေ ၁၄၁၇ စီးရှိကြောင်း သိရသည်။ မေဘယ်လ်အောင်