ရန်ကုန် အောက်တိုဘာ ၁၃
လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတို့တွင် မျက်စိသည် တန်ဖိုးအကြီးမားဆုံးပင် ဖြစ်သည်။ အဘယ့်ကြောင့်မူ နေ့စဉ်ဆောင်ရွက်လုပ်ကိုင်နေသော လုပ်ငန်းဆောင်တာအားလုံးတို့သည် မျက်စိဖြင့် အလုပ်လုပ်နေကြရ၏။ မျက်စိအမြင်အာရုံချို့ယွင်းလျှင်၊ မျက်စိကွယ်လျှင် လုပ်ငန်းဆောင်တာအရာရာတို့သည် လျင်မြန်ပြီးမြောက် ဆောင်ရွက်နိုင်ခြင်း မရှိတော့သဖြင့် မျက်စိသည် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွင် တန်ဖိုးအကြီးမားဆုံးပင် ဖြစ် သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူတိုင်းမျက်စိအာရုံ ကောင်းမွန်ရေး မျက်စိစမ်းသပ်မှုသည် အရေးကြီး သော လုပ်ဆောင်ချက်ဖြစ်ကြောင်း အသိပေးထားသည်။ မျက်စိအမြင်အာရုံစောင့်ထိန်းခြင်းသည် ပဓာန အကျဆုံးပင် ဖြစ်ပေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းတွက်ချက်မှုအရ ကမ္ဘာပေါ်တွင် မျက်စိကွယ်သူပေါင်း ခုနစ်သိန်းခန့် ရှိပြီး မျက်မမြင်လူဦးရေ ၄၅ သန်းကျော်ရှိကာ မျက်စိမှုန်သူပေါင်း ၂၄၆ သန်းကျော်ရှိသည်။ ယနေ့ကမ္ဘာပေါ်တွင် ငါးစက္ကန့်လျှင် လူတစ်ဦး၊ တစ်မိနစ်တိုင်း ကလေးတစ်ဦး မျက်စိကွယ်နေသည်ဟု သိရသည်။ ယနေ့တိုးတက်နေ သော နည်းပညာများအရ မျက်စိအမြင်ချို့တဲ့သူ ၈၀ ရာခိုင်နှုန်းသည် ကာကွယ်ကုသ၍ရသည့် မျက်စိရောဂါများ ဖြစ်နေသည်ကို တွေ့ရသည်။ မျက်စိအာရုံချို့ယွင်းမှု ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နေထိုင်လျက်ရှိ၏။ မျက်စိနှင့်ပတ်သက်သည့် ကာကွယ်ခြင်း၊ ကုသခြင်း ဗဟုသုတနည်းပါးလျက်ရှိ၏။
လူ့ဘဝအတွက် အရေးကြီးသည့် မျက်စိရောဂါကင်းရှင်းစေရန်နှင့် အမြင်သန်စွမ်းစေရန် မိမိ၏ မျက်စိကို မိမိစောင့်ရှောက်ရန် လိုအပ်သည်။ မျက်စိကွယ်ခြင်းမှ ကင်းဝေးစေရန် မျက်စိနှင့် မျက်စိရောဂါများအကြောင်း သိရှိရန်လိုအပ်သည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် မျက်စိကွယ်နိုင်သောအဖြစ်များရောဂါများမှာ အတွင်းတိမ်ရောဂါ၊ ရေတိမ်ရောဂါ၊ မျက်ခမ်းစပ်ရောဂါ၊ မျက်ကြည်လွှာအနာရောဂါ၊ မျက်စိထိခိုက်ဒဏ်ရာ ရောဂါနှင့် ကလေးများတွင် ဗီတာမင်အေဓာတ်ချို့တဲ့ရောဂါများတို့ ဖြစ်သည်။ ယင်းအပြင် ဆီးချို၊ သွေးချိုတို့ ကြောင့် နောက်ဆက်တွဲ မျက်စိရောဂါများ ဖြစ်ပေ၏။ မြန်မာနိုင်ငံတွင် မျက်မမြင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ကာကွယ်၊ ကုသဆောင်ရွက်နိုင်ရန် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အမျိုးသားအဆင့် ငါးနှစ် စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ မျက်စိနှင့်ပတ်သက်သောရောဂါများကိုလည်း အချိန်မီပြသ၊ ကုသခြင်းတို့ဖြင့် ရောဂါများမှ ကင်းစင်ရရှိခံစားစေချင်ကြောင်း ။ ။