အောက်တိုဘာ ၁၃၊ ဝါရှင်တန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ COVID-19 ရောဂါပိုး ကူးစက်ခံထားရသည်ဟု စစ်ဆေးတွေ့ရှိခဲ့ပြီး ရက်သတ္တနှစ်ပတ်မပြည့်မီ မဲဆွယ်စည်းရုံးရေး လုပ်ခဲ့သည်။ ဖလော်ရီဒါပြည်နယ်၊ ဆန်းဖို့ဒ်မြို့တွင် ကျင်းပခဲ့သည့် စုဝေးပွဲတွင် လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ပြီး စုဝေးပွဲကို တက်ရောက်လာသူအများအပြားက နှာခေါင်း စည်းတပ်ဆင်ထားခြင်း မရှိပေ။
ဒီမိုကရက်တစ်ပါတီဝင်များက ကာလရှည်ပိတ်ဆို့မှုလုပ်ရန် စီစဉ်နေခြင်းကို ဒေါ်နယ်ထရမ့်က ရှုတ်ချခဲ့ပြီး ဂျိုးဘိုင်ဒင်၏ ချင့်ချိန်သုံးသပ်နိုင်စွမ်းကို မေးခွန်းထုတ်ခဲ့သည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပြည်နယ်များတွင် လာမည့်လေးရက် အတွင်း မဲဆွယ်စည်းရုံးပွဲ လေးခုလုပ်ရန် စီစဉ်ထားသည့်အနက် ဖလော်ရီဒါပြည်နယ် မဲဆွယ်စည်းရုံးပွဲမှာ ပထမဆုံးဖြစ်သည်။
အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပရန် ရက်သတ္တသုံးပတ်သာ လိုတော့သည့်အချိန်တွင် ဒေါ်နယ် ထရမ့်နှင့် ဂျိုးဘိုင်ဒင်တို့က မဲရရှိရန် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိသည်။ ပြီးခဲ့သည့်တနင်္လာနေ့တွင် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ကလည်း Swing State ( ထောက်ခံမှုမတိမ်းမယိမ်းပြည်နယ်) ဖြစ်သည့် အိုဟိုင်းအိုးပြည်နယ်တွင် နိုင်ငံရေးဟောပြောပွဲ လုပ်ခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာ သဘောထားအမြင် ကောက်ခံမှုအရ ဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရမ့်ကို ၁၀ မှတ် အသာရနေသော်လည်း အဓိက ကျသည့် ပြည်နယ်တချို့တွင် (ဖလော်ရီဒါပြည်နယ်မှာ ၃.၇ မှတ်ပဲ အသာရ) ဂျိုးဘိုင်ဒင်၏အသာရမှု ကျဉ်းမြောင်း နေသည်။
အမေရိကန်သမ္မတအဖြစ် တင်မြှောက်ခံရရန် လိုအပ်သည့် ကိုယ်စားလှယ်မဲ ၂၇၀ ရရှိရန်အတွက် ဖလော်ရီဒါပြည်နယ်ကဲ့သို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့်ပြည်နယ်များမှာ အရေးကြီးသည်။ ဒေါ်နယ်ထရမ့်မှာ လွန်ခဲ့သည့် ၁၁ ရက်က COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး နောက်တစ်ရက်အကြာတွင် ဝေါ်တာရိဒ်စစ်ဆေးရုံ၌ ကုသမှုခံယူခဲ့ရသည်။
သို့သော် ဒေါ်နယ်ထရမ့်က အခြားသူများကို ရောဂါကူးစက်စေနိုင်ခြေ မရှိတော့ကြောင်း ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် သမ္မတသမားတော် ရှောင်ကွန်လေက ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ဆေးမှုများတွင် ရောဂါပိုးမရှိ (Negative) အဖြေထွက်ခဲ့သည်ဟု ဆိုသည်။ သို့သော် စစ်ဆေးခဲ့သည့်ရက်များကို အတိအကျ ဖော်ပြခဲ့ခြင်းမရှိပေ။
Ref:BBC(KNT)