အောက်တိုဘာ ၁၂၊ ဆစ်ဒနီ
COVID-19 ရောဂါပိုးမှာ ငွေစက္ကူ၊ ဖုန်းမျက်နှာပြင်နှင့် သံမဏိစသည့် မျက်နှာပြင်များတွင် ၂၈ ရက်ကြာ ရောဂါကူးစက်နိုင်စွမ်းရှိသည်ဟု သုတေသီများက ပြောသည်။ သြစတြေးလျနိုင်ငံ အမျိုးသားသိပ္ပံ အေဂျင်စီ(CSIRO)၏ တွေ့ရှိချက်များအရ COVID-19 ရောဂါပိုးမှာ မူလထင်မှတ်ထားသည်ထက် ပိုမိုကြာမြင့်စွာ ရှင်သန်နိုင်စွမ်းရှိသည်ဟု ယူဆရသည်။
COVID-19 ရောဂါပိုးမှာ အဓိကအားဖြင့် လူများ ချောင်းဆိုး၊ နှာချေခြင်းနှင့် စကားပြောခြင်းများကြောင့် ကူးစက်လေ့ရှိသည်။ သို့သော် လေထဲရှိ အမှုန်အမွှားများမှတစ်ဆင့် ပျံ့နှံ့နိုင်ပြီး သံထည်၊ ပလတ်စတစ်မျက်နှာပြင်များမှလည်း ကူးစက်ပျံ့နှံ့နိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောသည်။ လေထဲရှိ အမှုန်အမွှားများတွင် ၃ နာရီကြာ ရှင်သန်နိုင်သည်ဟု လေ့လာမှုတွင် တွေ့ရှိခဲ့သည်။
အစောပိုင်းက ဓာတ်ခွဲခန်းလေ့လာမှုများအရ COVID-19 ရောဂါပိုးမှာ ငွေစက္ကူနှင့် ဖန်သားပေါ်တွင် ၂ ရက်မှ ၃ ရက်ကြာသာ အသက်ရှင်နိုင်စွမ်းရှိပြီး ပလတ်စတစ်နှင့် သံမဏိမျက်နှာပြင်များပေါ်တွင် ၆ ရက်ကြာ ရှင်သန်နိုင်သည်ဟု တွေ့ရှိရသည်။ သို့သော် ဓာတ်ခွဲခန်းလေ့လာမှုများမှာ တစ်ခုနှင့်တစ်ခု တူညီခြင်းမရှိပေ။
ယခုနောက်ဆုံး ပြုလုပ်ခဲ့သည့် သုတေသနအရ COVID-19 ရောဂါပိုးမှာ အလွန်အားကောင်းသန်မာပြီး ဖုန်းမျက်နှာပြင်မှန်သား၊ ပလတ်စတစ်နှင့် ငွေစက္ကူများပေါ်တွင် (အခန်းအပူချိန်နီးပါးဖြစ်သည့် အပူချိန် ၂၀ ဒီဂရီဆဲလ်စီးယက်သာ ရှိပါက) ၂၈ ရက်အထိ ရှင်သန်နိုင်ကြောင်း တွေ့ရသည်။ အလားတူအခြေအနေမျိုးတွင် တုပ်ကွေးဗိုင်းရပ်စ်မှာ ၁၇ ရက်သာ ရှင်သန်နိုင်သည်။ ခရမ်းလွန်ရောင်ခြည်က ဗိုင်းရပ်စ်ကို သေစေနိုင်သည်ဟု တွေ့ရှိခဲ့ခြင်းကြောင့် သုတေသီများက အမှောင်ခန်းထဲတွင် စမ်းသပ်ရာတွင် ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
COVID-19 ရောဂါပိုးမှာ ပူနွေးသည့်နေရာများတွင် ရှင်သန်နိုင်ချိန် နည်းပါးပြီး ၄၀ ဒီဂရီဆဲလ်စီးယက်ရှိပါက အချို့မျက်နှာပြင်များတွင် ၂၄ နာရီသာ ရှင်သန်နိုင်စွမ်းရှိသည်။ အဝတ်အစားကဲ့သို့ စိမ့်ဝင်နိုင်သည့် အရာများထက် ချောမွေ့ပြီး စိမ့်ဝင်နိုင်ခြင်းမရှိသည့် မျက်နှာပြင်များတွင် ရှင်သန်နိုင်ချိန် ပိုများသည်ဟု တွေ့ရှိခဲ့သည်။ ကူးစက်ရောဂါပိုးများမှာ အဝတ်အစားပေါ်တွင် ၁၄ ရက်ထက် ပိုမိုရှင်သန်နိုင်ခြင်း မရှိပေ။
Ref:BBC(KNT)