အောက်တိုဘာ ၁၂၊ ဝါရှင်တန်
အမေရိကန်နိုင်ငံ ဒန်ဗာမြို့တွင် လက်ယာဝါဒနှင့် လက်ဝဲဝါဒ စင်ပြိုင်ဆန္ဒပြပွဲများတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီးနောက် အမေရိကန်ရဲတပ်ဖွဲ့က လုံခြုံရေးအစောင့်အကြပ်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ မျိုးချစ်စုဝေးပွဲဟု အမည်ပေးထားသည့် လက်ယာဝါဒ ဆန္ဒပြသူများ၏ စုဝေးပွဲတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်ရပ်တွင် သံသယရှိသူမှာ စင်ပြိုင်ဆန္ဒပြသူများနှင့် ဆက်နွှယ်ခြင်းမရှိဟု ရဲတပ်ဖွဲ့က ဆိုသည်။ 9 News သတင်းဌာနက ယင်းတို့၏ အဖွဲ့သားများကို ကာကွယ်ပေးရန်အတွက် အဆိုပါအမျိုးသားကို လုံခြုံရေးအစောင့်အကြပ်အဖြစ် ငှားရမ်းထားခြင်းဖြစ်သည်ဟု ဒန်ဗာရုပ်သံလိုင်းက ဖော်ပြသည်။
သို့သော် အဆိုပါဖော်ပြချက်ကို ရဲတပ်ဖွဲ့က အတည်ပြုခြင်းမရှိသေးပေ။ ပြီးခဲ့သည့်တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲအချိန်က ဒန်ဗာအနုပညာပြတိုက်ဝင်းအတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒန်ဗာပို့စ်သတင်းစာက ဖော်ပြသည့်ဓာတ်ပုံများအရ ဆန္ဒပြသူများက လုံခြုံရေးအစောင့်အကြပ်ကို ရိုက်နှက်ပြီး ငရုတ်ရည်များဖြင့် ဖျန်းခဲ့ကြောင်း တွေ့ရသည်။
Ref:BBC(KNT)