အောက်တိုဘာ ၁၂၊ မင့်စ်
သမ္မတ လူကာရှန်ကိုကို ဆန့်ကျင်သည့် ချီတက်ပွဲတွင် အဓိကရုဏ်းဖြစ်ပွားခဲ့ပြီးနောက် ဘီလာရုစ်နိုင်ငံ၏ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့က ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လက လူကာရှန်ကို အနိုင်ရခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဟု သတ်မှတ်ခဲ့ကြ ပြီးနောက် ဘီလာရုစ်နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် နိုင်ငံရေးစုဝေးပွဲတွင်လည်း ဆန္ဒပြသူ ထောင်ပေါင်းများစွာက မင့်စ်မြို့၏လမ်းများပေါ် ထွက်ခဲ့ကြသည်။ ရုပ်သံမှတ်တမ်းအရ နှာခေါင်းစည်းတပ်ဆင်ထားသည့် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို မီးသတ်ပိုက်အသုံးပြုပြီး လူစုခွဲခဲ့ကြောင်း တွေ့ရသည်။ ဘီလာရုစ်နိုင်ငံတွင် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့သည့်ကာလအတွင်း အတိုက်အခံ နိုင်ငံရေးသမား အများအပြားကို ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့ပြီး လူထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးပြီး သန့်ရှင်းလွတ်လပ်သည့် သမ္မတရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံက လူကာရှန်ကို၏ သမ္မတသက်တမ်းသစ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ထားသည်။
လူကာရှန်ကိုက မဲမသမာမှုလုပ်သည်ဆိုခြင်းကို ငြင်းဆန်ထားပြီး အနီးစပ်ဆုံး မဟာမိတ် နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံ၏ ထောက်ခံအားပေးမှု ရရှိထားသည်။ ပြီးခဲ့သည့်သြဂုတ်လ ရွေးကောက်ပွဲတွင် မဲမသမာမှုမလုပ်ခဲ့ပါက ယင်းအနိုင်ရလိမ့်မည်ဟု အတိုက်အခံနိုင်ငံရေးခေါင်းဆောင် တီခါနော့ဗ်စကာယာက ပြောသည်။ တီခါနော့ဗ်စကာယာမှာ ခြိမ်းခြောက်မှုများရရှိခဲ့ပြီးနောက် လစ်သူယေးနီးယားနိုင်ငံကို ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
Ref:BBC(KNT)