အောက်တိုဘာ ၁၁၊ ဂျီနီဗာ
COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်ဆုံးရှုံးမှုနှင့် ကျန်းမာရေးကုန်ကျစရိတ်များ ကြောင့် လာမည့်သုံးနှစ်တာကာလအတွင်း အာဖရိကတိုက်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ထရီလျံ လိုအပ်လိမ့်မည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ပြောသည်။ အာဖရိကတိုက်မှာ အခြားတိုက်ကြီးများနှင့် နှိုင်းယှဉ်ပါက COVID-19 ရောဂါပိုး ကူးစက်ခံရသူနှင့် သေဆုံးသူ အရေအတွက် ပိုမိုနည်းပါးသည်။ သို့သော် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အာဖရိကတိုက်တွင် နေထိုင်သူ ၄၃ သန်းကျော်အနေဖြင့် အလွန်အမင်း ဆာလောင်ငတ်မွတ်မှုဘေး ကြုံရနိုင်ချေရှိသည်ဟု ကမ္ဘာ့ဘဏ်က ပြောသည်။
''ဒီအကျပ်အတည်းကနေ အာဖရိကတိုက် ပြန်လည်ရုန်းထွက်နိုင်ဖို့အတွက် တစ်ကမ္ဘာလုံးက အာဖရိကတိုက်ကို ပိုပြီးထောက်ပံ့ပေးကြဖို့ လိုအပ်ပါတယ်။ တချို့နိုင်ငံတွေက ကြွေးမြီများလွန်းနေလို့ ချေးထားတဲ့ငွေတွေပဲ ပြန်ဆပ်ရမလား၊ လူမှုရေးနဲ့ ကျန်းမာရေးအသုံးစရိတ်ကို ထပ်တိုးရမလားဆိုတဲ့ ရွေးချယ်စရာ ၂ ခုထဲက တစ်ခုကို ရွေးရမယ့်အနေအထားဖြစ်နေပါတယ်'' ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ ဂျော်ဂျီဗာက ပြောသည်။
ပြီးခဲ့သည့်နှစ်များအတွင်း အာဖရိကတိုက်တွင် တိုးတက်မှု အားကောင်းခဲ့သော်လည်း COVID-19 ကပ်ရောဂါကြောင့် အလုပ်အကိုင် ဆုံးရှုံးပြီး မိသားစုဝင်ငွေမှာလည်း ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခြင်းကြောင့် ဆုတ်ယုတ်မှုများ ကြုံတွေ့လျက်ရှိသည်။ စီးပွားရေး ထိုးနှက်မှုဒဏ် သက်သာစေရန်အတွက် အာဖရိကနိုင်ငံများ၏ အစိုးရအဖွဲ့များက အသားတင်ကုန်ထုတ်လုပ်မှု၏ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိသည့် ထိခိုက်မှု သက်သာလျော့ပါးစေရေးမူဝါဒများ ချမှတ်ခဲ့ကြသည်။ အာဖရိကတိုက်တွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁ ဒသမ ၅ သန်းကျော်ရှိပြီး လူ ၃၇၀၀၀ နီးပါး သေဆုံးခဲ့သည်။
Ref:BBC(KNT)