နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာဂါနို-ကရာဘတ်ပဋိပက္ခအတွက် ယာယီအပစ်အခတ်ရပ်စဲရန် အာမေးနီးယားနှင့် အဇာဘိုင်ဂျန် သဘောတူညီ

အောက်တိုဘာ ၁၀၊ ယီရီဗန်


ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နာဂါနို-ကရာဘတ်ဒေသ ပဋိပက္ခအတွက် ယာယီအပစ်အခတ်ရပ်စဲရန် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့ သဘောတူညီမှု ရရှိခဲ့သည်။ ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့တွင် ၁၀ နာရီကြာ ဆွေးနွေးခဲ့ပြီးနောက် မော်စကိုမြို့စံတော်ချိန် နံနက် ၃ နာရီမတိုင်မီ သဘောတူညီမှု ရရှိခဲ့ခြင်းဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ကြေညာခဲ့သည်။ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့ တိကျပြတ်သားသည့် ဆွေးနွေးမှုများ စတင်နေပြီဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂိုင်လက်ရော့ဗ်က ပြောသည်။ 

နာဂါနို-ကရာဘတ်ဒေသနှင့်ပတ်သက်၍ ကာလရှည် ပဋိပက္ခဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၂၇ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် ယခုနောက်ဆုံး ပဋိပက္ခကြောင့် လူ ၃၀၀ ကျော် သေဆုံးခဲ့ကာ လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ အောက်တိုဘာလ ၁၀ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှစတင်၍ ပစ်ခတ်မှုများကို ရပ်တန့်မည်ဖြစ်ပြီး အကျဉ်းသားများ လဲလှယ်ခြင်း၊ ရုပ်အလောင်းများ ပြန်လည်သယ်ဆောင်မည်ဖြစ်သည်။ နာဂါနို-ကရာဘတ်ဒေသကို အဇာဘိုင်ဂျန်နိုင်ငံ၏ ပိုင်နက်အဖြစ် တရားဝင်သတ်မှတ်ထားသော်လည်း အာမေးနီးယားတိုင်းရင်းသားများက ထိန်းချုပ်ထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ဆူပူအုံကြွမှုဖြစ်သည့် ယခုနောက်ဆုံးပဋိပက္ခနှင့်ပတ်သက်၍ ဆိုဗီယက်ပြည်ထောင်စုဟောင်းနိုင်ငံများဖြစ်သည့် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့က အပြန်အလှန် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ